လွတ်လပ်စွာပြောဆိုခွင့် နှင့်
ဗုဒ္ဓ၏ မှန်လည်းမှန် ၊ အကျိုးလည်း ရှိသော စကားကိုသာ ဆိုအပ်ခြင်း ဒေသနာ
ပညာဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ မြန်မာတွေ မစိမ်းကြဘူးလို့ ထင်တယ်။ ပညာဆိုတာ ဘာလဲဆိုတာသာ မသိရင်မသိမယ် စိမ်းတော့ မစိမ်းကြဘူး။ ပညာတက်လို့  ခေါ်ဝေါ်သမုတ်ခံလိုက်ရတဲ့ လူတိုင်းလည်း ပညာဘာလဲဆိုတာ သိကြတယ်လို့ ကျွန်တော် မယုံဘူး။ ပညာဆိုတာ သင်ပေးလို့ မရဘူးဆိုပြီး ပြောလေ့ ရှိကြတယ်။ ဒါဟာရာနှုန်းပြည့် မဟုတ်ပေမယ်လို့  အတော်မှန်တဲ့ အဆိုတစ်ခုပဲ။ ဒါပေမယ့် ပညာဟာ လိုလိုချင်ချင် လေ့လာယူလို့ တော့ရတယ်။ ဒါဆို ပညာဟာဘာလဲ။ ကျွန်တော့် သဘေားထားကတော့ အဖြစ်အပျက်များကို သတိရှိရှိ နဲ့ အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်ခြင်း ၊ ဆင်ခြင်နိုင်ခြင်း၊ တွေးတောနိုင်ခြင်းပဲ။ သညာမှာ၊ ခင်းဗျားတို့ ကျွန်တော်တို့ မှတ်ညဏ်တွေမှာ သိုမှီးထားပြီး ပြန်ထုတ်သုံးတဲ့ အရာမဟုတ်ဘူး။ ခံစားချက်အရ ဦးတည်ရာမရှိ လုပ်နေတဲ့အရာတွေ မဟုတ်ဘူး။ အဲဒါတွေက ပညာကိုဖြစ်စေဖို့  အထောက်အကူပြုတယ်။ ဒီလိုပဲ ပညာမဖြစ်စေဖို့ လည်း အထောက်အကူပြုတယ်။ သုံးတဲ့အပေါ်မူတည်မှာပဲ။
ဒီတော့ လွတ်လပ်စွာပြောဆိုခွင့်ကို ခင်ဗျားတို့ တော့ဘယ်လိုမြင်လည်း မသိဘူး။ ကျွန်တော်တော့ လူတိုင်းမှာ လွတ်လပ်စွာပြောဆို ပိုင်ခွင့်ရှိတယ်လို့ မြင်တယ်။ သိပ်အထူးခြားကြီးမဟုတ်ဘူး။ ဟုတ်ပြီ၊ ဒါဟာ အခွင့်အရေးဖြစ် တယ်။ လူတိုင်းရှိရမယ့် အခွင့်အရေးဖြစ်တယ်။ ဒါပေမယ့် အခွင့်အရေးတိုင်း ရှိတိုင်း အသုံးချတိုင်း ကောင်းမွန်တဲ့ အရာမဖြစ်ဘူး။ ငါ့မှာ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီး ပြောချင်တာပြောတာဟာ အခွင့်အရေးဘက်က ကြည့်ရင် ငြင်းပယ်စရာ မဟုတ်သလို ၊ လက်မခံနိုင်စရာလည်း မဟုတ်ဘူး။ ဒါပေမယ့် ကိစ္စအဖြစ်အပျက်တွေ ဟာ အတိုင်း (paradigm) တခုတည်း၊ အကြောင်းအရာတစ်ခုတည်းနဲ့ ဖြစ်နေ တာမဟုတ်ဘူး ၊ တည်ဆောက်ထားတာ မဟုတ်ဘူ။ အဲလိုကိစ္စတစ်ခုတည်းနဲ့  ကြည့်လို့  မရဘူးဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ နားလည်ထားရမယ်။ ကျွန်တော်တို့ ပြောတဲ့ စကားရဲ့ အကျိုးအပြစ်တွေကို လည် ကြိုတွေးဆကြမိဖို့ လိုအပ်တယ်။ တစုံတယောက်ပြောဆိုတဲ့အခါလည်း စေတနာ၊ ရည်ရွယ်ချက်၊ အချိန် စတဲ့ အရာတွေကို ပါ ထည့်သွင်း ကြည့်မြင်စေချင်တယ်။
အမှန်တရားဆိုတာလည်း အများအားဖြင့် သူ့ ဘက်ကိုယ့်ဘက်နဲ့  မှန်နေကြတာပဲ။ အမြင်မတူတဲ့ အခါ အမှန်တရားဆိုတာ ကွဲပြားနေမှာပဲ။ ကွဲပြားတဲ့ အမြင်တွေကို လက်ခံပြီး အတူတကွ လုပ်ကိုင်ဖို့ စဉ်းစားကြတာ လည်း ဒီမိုကရေစီရဲ့  အားသာချက်တစ်ခုပဲ။ ကိုယ့်မှာ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီး ကိုယ်ခံစားရာ ၊ ထင်မြင်ရာတွေကို အမှန်ဆိုပြီး အကျိုးကိုမကြည့်ပဲ ပြောဆိုနေကြတာ တွေ့ နေရတယ်။ အကယ်၍ ဘက်နှစ်ဘက် ဒီ နအဖဘက်နဲ့  ဒီမိုကရေစီတိုက်ပွဲဝင်တွေ ဘက် အပြန်အလှန်ပြောကြတယ် ငြင်းခုန်ကြတယ်ဆိုရင် ဘာမှပြောစရာမရှိဘူး။ အခုဟာ ကိုယ်အချင်းအချင်း မထိတထိ၊ ဒါမှမဟုတ် သေသေချာချာကြီးကို ဝေဖန်ပြောဆိုနေကြတယ်။ လွတ်လပ်စွာ ငြင်းခုန်ခွင့် ၊ ပြောဆိုခွင့်၊ ဝေဖန်ခွင့်ကို ကျွန်တော် ယုံကြည်တယ်။ အဖွဲအတွင်းမှာလည်း အလုပ်လုပ်ကြတယ်ဆိုရင် ဒီအခွင့် အရေးဟာ အရေးကြီးတဲအရာပါ။ တန်ဖိုးလည်းရှိတယ်။ ဒါပေမယ့် အများသူငှာ ဖတ်လို့ ရတဲ့ နေရာတွေမှာတော့ ပြောချင်ရာ ပြောတာဟာ အကျိုးသက်ရောက်မှု ကြီးမားတယ်ဆိုတာ သတိပြုကြစေချင်တယ်။ စည်းလုံးညီညွတ်ခြင်းဆိုတာကိုလည် လွတ်လပ်စွာပြောဆိုခွင့်လိုပဲ တန်ဖိုးထား ကျင့်သုံးကြပါ။ ဘာဖြစ်လဲ ပြောခွင့် ရှိလို့ ပြောတယ်၊ ပြောချင်လို့ ပြောတယ် ဆိုရင်လည်း၊ ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ တတွေဟာ တအာအာနဲ့  အော်နေရတဲ့ဘ၀က တက်မှာမဟုတ်ဘူးလို့  ပဲပြောချင်တယ်။
ဗုဒ္ဓတရားတော်မှာလည်း မှန်လည်းမှန်သော အကျိုးလည်းရှိသော စကားကို ဆိုဖို့ ဆုံးမထားတယ်။ မှန်ပေမယ့် အကျိုးဖြစ်ထွန်းမှုနဲ့  ဆုတ်ယုတ်မှုကို ချိန်ဆသင့်ပါတယ်။ ဒီမိုကရေစီမှာလည်း ကွဲပြားတဲ့ အမြင်တွေ ကို လက်ခံ စုစည်းလုပ်ဆောင်တဲ့ အလေ့အထ (tolerance) ဟာ အရေးကြီးတယ်။ စည်းလုံးခြင်းကိုအမှန်တကယ် တန်ဖိုးထား နိုင်ကြအောင် ကျွန်တော်တို့ ကြိုးစားကြရမယ်။
ဒေါင်းပျို
7 Jan 2007