:..daungpyo@gmail.com..:

Friday, December 28, 2007

ဝမ်းနည်းပါတယ် ပါကစ္စတန်။

မစ္စစ်ဘူတိုဟာ လုပ်ကြံခံလိုက်ရပြီဆိုတာ အားလုံးသိကြပြီးပါပြီ။ ၀မ်းနည်းစိတ်၊ အံ့သြစိတ်တွေနဲ့ အတူ ပထမဆုံး အာရုံမှာ ပေါ်လာတာကတော့ ကျွန်တော်တို့ ရဲ့  လူထုခေါင်းဆောင် ဒေါ်စု ပုံပဲဖြစ်တယ်။ တခြားလူတွေလိုပဲ မြန်မာပြည်အတွက်ရော ၊ ဒေါ်စုအတွက်ရော စိုးရိမ်စိတ်တွေ ၀င်လာတယ်။ ပြည်ဖျက်အာဏာရှင်နအဖဟာ အာဏာတည်မြဲဖို့  ဘာမဆိုလုပ်ရဲတယ်ဆိုတာ အခုစက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးမှာ အားလုံး သိပြီးကြပြီဖြစ်တယ်။ နအဖ ဒေါ်စုကိုလုပ်ကြံနိုင်သလား။ ကျွန်တော်တို့ ဒီ မေးခွန်းကို မေးကြည့်ကြဖို့ လိုပါပြီ။ ဒါပေမယ့် ဒီအခြေအနေမှာ ဒေါ်စုကိုလုပ်ကြံဖို့  မစဉ်းစားသေးဘူးလို့  ထင်တယ်။ ဒီနေရာမှာ ကိုမိုးသီးဇွန်ဘလောခ်မှာ ဆွေးနွေးထားတဲ့ ကိုမိုးထက်နေရဲ့  ဆွေးနွေးမှု့ ကိုလက်ခံတယ်။ဒေါ်စုဟာ နအဖအတွက် တစ်ခုခုဖြစ်လာရင် အခြေအနေတွေကို ကိုင်တွယ်ဖို့ အတွက် ကောင်းဆုံးပဲ ဖြစ်နေတယ်။ တဖက်ကလည်း ဒေါ်စုလုပ်ကြံခံရရင် သူတို့ အခြေအနေတွေလည်း မကောင်းနိုင်ဘူး။ ဒီအတွက် လက်ညိုးထိုးပြစရာဟာ နအဖအာဏာရှင်ကလွဲပြီး ဘယ်သူမှ မရှိဘူး။ ပြည်သူလုထုကလည်း မတ်တပ်ရပ်ပြီးကြည့်နေမှာ မဟုတ်တော့ဘူး။ စက်တင်ဘာ မတိုင်ခင်ဆိုရင် ကြောက်စိတ်နဲ့  ဇဝေဇ၀ါစိတ်ပေါင်းပြီး မလုပ်ရဲ တာဖြစ်နိုင်ပေမယ့် ဒီနေ့ တွေမှာတော့ ပြည်သူတွေဟာလည်း နိုးကြားတက်ကြွနေပါပြီ။ လူငယ်တွေဟာ ရဲရင့်နိုးကြားနေတယ်။ အရှိန်မကုန်သေးပါ။ အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင် လက်ရှိပြည်ဖျက် အာဏာရှင်ကို ပြုတ်ကျသွားစေမှာဖြစ်တယ်။ ပြည်သူတွေဟာ ဒေါ်စုလုပ်ကြံခံရလို့ လည်း ဘာမှ ဖြစ်မှာမဟုတ်ဘူး လို့ နအဖဟာ ယုံကြည်ခဲ့တယ်ဆိုရင်တော့ ဒေါ်စုလုပ်ကြံခံရဖို့ ဟာ အများကြီးနီးစပ်နေတယ်။ အချိန်ကြာလာတဲ့တနေ့ မှာမှဖြစ်လာမှာဆိုရင် (ပိုလည်း ဖြစ်နိုင်ချေရှိတယ်) သတိကြီးကြီးထားပြီးဆွေးနွေးဖို့  လိုပြီ။ မလို အပ်ဘူးလို့ တော့ မတွေးပါနဲ့ ။ ဒေါ်စုကို ဘုရားတစ်ဆူ ၊ ဂူတစ်လုံးလို ကိုးကွယ်တာမဟုတ်ပေမယ့် သူမရှိရင် ကျွန်တော်တို့ တတွေဟာ ပြသာနာပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ရဖို့  ရှိပါတယ်။ ကျွန်တော်အပါအ၀င် လူထုဟာသူ့  ရဲ့  ခေါင်းဆောင်မှုကို ယုံကြည်နေကြတုန်းပဲဖြစ်တယ်။ လေးစားနေကြတုန်းဖြစ်တယ်။ သူဟာ လက်ရှိအချိန်မှာ ကျွန်တော်တို့ အားလုံးရဲ့ တစ်ဦးတည်းသော လူထုခေါင်းဆောင်ဖြစ်နေတယ် ဆိုတာမမေ့ကြပါနဲ့ ။ ဒါပေမယ့် ကိုမိုးထက်နေ ဆွေးနွေးခဲ့သလို့  တပ်ဦးလွန်အားပြုန်း တာမျိုးလည်း မဖြစ်အောင် လုပ်ဖို့ လိုအပ်မယ်။ ကျွန်တော်ဖြစ်စေချင်တာကတော့ လွတ်လပ်ရေးရတဲ့ အချိန် လူထုခေါင်းဆောင်ကိုလည်း ရှိနေစေချင်တာပါပဲ။

ဒီမိုကရေစီအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေသူတွေကို တော့ အကျိုးသက်ရောက်မယ်ဆိုပေမယ့် အများကြီး သက်ရောက်မှု့ တော့ ဖြစ်မယ်မထင်ဘူး။ အနည်းငယ်ပဲ သက်ရောက်ပါမယ်။ ဒါပေမယ့် အခု ဘူတို ကိစ္စ ကို နိုင်ငံတကာက ဘယ်လို သဘောထားဆိုတာအပေါ် အများကြီးမူတည်လိမ့်မယ်။ နိုင်ငံတာကာက ဘယ်လို တုန်ပြန်လည်းဆိုတာကို ကြည့်ရမယ်။ စကားလုံးပြင်းပြင်းတွေနဲ့ ကြေညာချက် ထုတ်တာလောက်နဲ့ တော့ ပြောလို့ မရသေးဘူး။ ကျွန်တော်တို့  ဆက်ပြီးစောင့်ကြည့်ရပါဦးမယ်။ ဒီနေရာမှာ ဒေါ်စုကိုလည်း ထည်စဉ်းစားရမယ်။ ဘူတို ကိစ္စကို နိုင်ငံတကာက အကျိုးသက်ရောက်စွာ မတုန့် ပြန်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ လည်း ကိုယ်ကိုယ်ကိုပဲ ၊ မြန်မာ ပြည်သူတွေကိုပဲ အားကိုးရတော့ မှာဖြစ်တယ်။ ကျောင်းသားတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းတွေအနေနဲ့  ကိုမိုးထက်နေပြောသလို အကြမ်းဖက်မှုကို လက်မခံကြောင်း၊ စက်ဆုပ်ကြောင်း ၊ဆန့် ကျင်ကြောင်းတွေ ကို ကြေညာချက်ထုတ်သင့်တယ်။ ပါကစ္စတန်ကိစ္စဆိုပေမယ့် လူသားချင်းစာနာမှု အရကော၊ ကမ္ဘာမှာ ဒီမိုကရေစီထွန်းကားအောင် တစ်နေရာကနေ ဦဆောင်မှု ပြုနေတဲ့ သူတစ်ဦး၊ အာဏာရှင်ကို ဆန့် ကျင်တော်လှန်နေတဲ့ သူတစ်ဦး ဆုံးရှုံးသွားတဲ့ အတွက်ကော ကြေညာချက်ထုတ်နိုင်တယ်။

နောက်တစ်ချက်က ပါကစ္စတန်ကိစ္စဟာ မြန်မာအရေးထက် နိုင်ငံတကာရဲ့ အာရုံစိုက်မှု ကို ရသွားပါလိမ်မယ်။ ဒီအတွက် ကျွန်တော်တို မြန်မာတွေ အနေနဲ့ လည်း ဆန္ဒပြတာတွေ ၊ ကန့် ကွက်စာပို့ တာတွေ ၊ အရေးအကြီးဆုံးအနေနဲ့  ကျွန်တော်တို့ ရဲ့ စိတ်တွေ ကိုလျှောချထားလို့ မဖြစ်ဘူး။ နိုင်ငံ အသီးသီးက မြန်မာများ အင်အားကြီးကြီးနဲ့  ဆက်လုပ်ဖို့ ပိုပြီးလိုအပ်လာတယ်။ ဒီတခါ ဆန္ဒပြရင် ဒေါ်စုပုံတွင်မက ဘူတိုပုံကိုပါကိုင်ဆောင်ပြီး ပါကစ္စတန်အတွက် ၀မ်းနည်းကြောင်း၊ ပါကစ္စတန်အနဲ့ အတူ မြန်မာပြည်သူတွေဟာလည်း ခံစားရကြောင်း။ အာဏာရှင်ကို ဆန့် ကျင်ကြောင်း၊ အကြမ်းဖက်မှု ကိုဆန့့်ကျင် ကြောင်းတွေ ကိုလုပ်ရပါမယ်။ ဘူတိုလိုမျိုး လုပ်ကြံခံရနိုင်တဲ့ နောက်ထပ် အမျိုးသမီးတစ်ဦး မြန်မာမှာ ရှိတယ်ဆိုတာလည်း ကမ္ဘာပြည်သူတွေ သိသွားအောင်လုပ်ဖို လိုအပ်ပါတယ်။ သိပြီးသားသူတွေလည်း အမှတ်ရနေဖို့  လုပ်ရပါမယ်။ ဆန္ဒပြပွဲတွေကို အောက်တိုဘာ၊ နိုဝင်ဘာလတွေကလို တက်ကြွစွာလုပ်ဖို့  လည်းလိုအပ်ပါတယ်။ အချိန်မနှောင်းခင် ဦးစီးလုပ်ကိုင်နေကြသူများလုပ်ကြဖို့  တိုက်တွန်းပါရစေ။ မြန်မာကို နိုင်ငံတကာက မမေ့ပါစေနဲ့ ။

ပါကစ္စတန်ပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့  ထပ်တူထပ်မျှ ပါပဲ။ ဘန်နီဇာ ဘူတိုကွယ်လွန်သွားတဲ့ အတွက် ၀မ်းနည်းပါတယ်။

ဝမ်းနည်းပါတယ် ပါကစ္စတန်။

ဒေါင်းပျို ( ၂၉ ဒီဇင်ဘာ ၂၀၀၇)
ကိုပေါ ဘလောခ်မှ ပြန်လည်ကူးယူတင်ပြပါသည်။ စကာင်္ပူမှ ညီကိုမောင်နှမများလှုပ်ရှားမှု့ ဖြစ်သည်။ ဂုဏ်ယူပါသည်။




မူရင်းပိုစ်ကိုကြည့်နိုင်သည်

Wednesday, December 26, 2007

ဒေါင်းတမန်တို့ ပျံတဲ့ ပုံရိပ်


သားချစ် (ဟစ်တိုင်)
ရေးသားထားပါတယ်။


ကျောင်းသားတပ်မတော်ရဲ ဘ၀တွေကို နည်းနည်းဖြစ်စေ ကျွန်တော်တို့ နောက်လူတွေ သိနိုင်ပါတယ်။ နောက် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေ၊ တိုင်းရင်းသာတွေ၊ တောင်ပေါ်သားတွေ ။ ကျွန်တော်တို့  တစ်ယောက်ကို တစ်ယောက်လေးစားသိမြင်ဖို့ ပါ။ တိုင်းရင်းသားတွေ၊ မြန်မာတွေ ဗမာတွေ စိတ်ဝမ်းမကွဲကြပါနဲ့ ။ အားလုံးဟာ စွန်လွတ်ပြီး လုပ်နေခဲ့ကြတာဖြစ်တယ်။ လွတ်လပ်တဲ့ အရောင်စုံတဲ့ နိုင်ငံတော်မှာ ကျွန်တော်တို့ အားလုံးဟာ ညီနှောင်သားချင်းတွေ တကယ်ဖြစ်ကြမှာပါ။

(ခွင့်ပြုချက် မတောင်းခဲ့သည်ကို နားလည်မည်ဟု ယူဆပါသည်။ ဟစ်တိုင်မှ ပြန်ကူးတင်ပြသည်။)

ဒေါင်းပျို။


ဒီမှာ အပြည်အစုံ သွားဖတ်လို့ ရပါတယ်။

----------------------------------------------------------------------

,မိုက်ရက်ဖြစ်သည်၊ တကျစ်ကျစ် အော်မြည်နေသော ပုဇင်းရင်ကွဲ အော်သံများက လ မိုက်ညကို ဖေါက်ထွက်လျှက် အချိန်ကား သန်းခေါင်ကျော်၊ စစ်ကြောင်းက ရှေ့သို့ တရိပ်ရိပ် ဆက်လက် ချီတက်နေဆဲ၊ ပုဇင်းရင်ကွဲသံ၊ လေတိုးသံ၊ စစ်ဖိနပ်ဖွဖွလျှောက်သံက လွဲ၍ ဘာမှမကြားရ၊ စစ်ဦးထုပ် အနောက်ဘက်၌ ကပ်ထားသော အဖြူအမှတ်အသားလေးကို ကြည့်၍သာ လမ်းလျှောက်နေရသည်၊ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ၊ လမ်းလျှောက်ချိန် ရှစ်နာရီကျော်သွားပြီ။ ခြေထောက်များက တစစ်စစ် နာကျင် ကိုက်ခဲလျက်၊ ဗိုက်က တကျုပ်ကျုပ်နှင့် ဆာလာသည်။ ညနေက ထမင်းဝိုင်းလေးကို ပြန်သတိရ လွမ်းနေလိုက်သေး။

မိုးရွာထားသဖြင့် ၀ါးကိုင်းများက မီးမွေးလို့မရ၊ မြေကြီးတူးပြီး ဖရောင်းတိုင် သုံးတိုင်ထွန်းကာ ထမင်းချက်ရသည်၊ မိုးကာပေါ် ထမင်းကို ပုံလိုက်တော့ ပျော့၊ တူး၊ မနပ် ထမင်းက တူးရနံ့ သင်းပြန့်နေသည်။ ဖုတ်ထားသော ငပိကို ဘေးမှာပုံလျှက်၊ ထမင်း တလုပ် ငပိဖုတ် တတို့တောတွင်း အကောင်းဆုံးဟင်းသည် ငါးခြောက်နှင့် ငပိ၊ သူက အထားခံသည်။ ရေဗူးတွင်တော့ ရေများများ ထည့်မှ တော်ကာကျမည်။ ရေအလွန်ငတ်သည်။ ရှမ်းတပ်မှ ပေးသော ပဲပုပ်ပြားခြောက်က ရံဖန်ရံခါ။

ဒီနေ့ ကားလမ်း ဖြတ်ရမယ်၊

“ဟာ ဟုတ်လား …… ပျော်တယ်ဟေ့ ….. ကားလမ်းနဲ့ မတွေ့တာကြာပြီ”

“ကားလမ်းပေါ် ရောက်ရင် ဘရိတ်ဒန့် (စ်) က,ပစ်လိုက်မယ်”

“ငါကတော့ ကားလမ်းရောက်တာနဲ့ ကားလမ်းကို အနမ်းတချက် ပေးလိုက်မယ်”

“ငါကတော့ ဒူးထောက်ချပြီး လက်နှစ်ဘက် မြောက်လို့ အချစ်ရေလို့ အော်လိုက်မယ်”

ကားလမ်းဖြတ်ရမည်ဆိုလိုက်သဖြင့် ကျနော်တို့ ရဲဘော်များ၏ စိတ်ကူး စကားလုံးများ အံကျလာသံများ ညံထွက်သွားသည်။

ကျနော်တို့ ကားလမ်းမနှင့် မတွေ့ရသည်မှာ ငါးလ ကျော်သွားပြီဖြစ်သည်၊ ကားလမ်းဆိုသည်မှာ မြို့ပြ. အငွေ့အသက်၊ ထိုအငွေ့ အသက်ကို ကြမ်းတမ်းသော တော်လှန်ရေး မာရသွန်ခရီးကြမ်း ပြန်လည် တမ်းတနေကြသည်။ မြို့ပြ အငွေ့အသက်ကို မြို့ပြနှင့် ဝေးခဲ့သူများက လွမ်းတသသ ဖြစ်နေကြသည်မှာ သဘာဝကျသည်၊ ကျနော်တို့ ကျောင်းသားတိုင်း အလွမ်းကိုရင်မှာပိုက် ထွက်လာခဲ့ကြသည် မဟုတ်ပါလား၊ ချစ်သူအလွမ်း၊ အိမ်အလွမ်း၊ မိဘအလွမ်း၊ ကျောင်းအလွမ်း …… အလွမ်းများကိုယ်စီနှင့်။

ထမင်းစားပြီးသည်နှင့် မိုးကာစကို ခေါက်သိမ်းလိုက်သည်။ ထိုပလပ်စတစ် စစ်ကာကီ စိမ်းမိုးကာစသည် ကျနော်တို့ တော်လှန်ရေး စစ်သားများအတွက် အရေးကြီးဆုံး အရာသာ၊ အမိုးမိုးသည်၊ ထမင်းပန်ကန်အဖြစ်သုံးသည်၊ မိုးရွာလျှင် ပတ်ခြုံသည်၊ ချောင်း၊ မြစ်များကို ဖြတ်လျှင်လည်း ထိုမိုးကာက ဖေါ့ဖြစ်သွားသည်။ ပြောရင်း ဆိုရင်း ကျောပိုးအိတ်ထဲသို့ပစ္စည်းပစ္စယများကို ထည့်သိပ် လိုက်ရသည်၊ ညခရီးထွက်ရဦးမည်၊ အသံမြည်နိုင်သည့်အရာများကို ဂရုတစိုက်စစ်ဆေးကြည့်၍ ထည့်ရပြန်သည်၊ ဘောပင်နှင့် စာအုပ်ကို စစ်အကျီ င်္ ညာဘက်အိပ်ကပ်ထဲ ထည့်လိုက်ပြီး ကြုံတွေ့ မြင်တွေ့ ရသည့် အရာများကို ရေးမှတ်သည့် အကျင့်မှာ တောင်ထဲတောင်ထဲ စိတ်ဖြေစရာ အလုပ်တခုဖြစ်သည်၊ စာအုပ်ထဲ ရက်စွဲတပ်လိုက်တော့ ၁၉၈၉-ဇန်န၀ါရီ ----။

မာနယ်ပလောဌာနချုပ်မှ ကြေးနန်းရသည်၊ တောင်ပိုင်း မ.က.ဒ.တ ဗဟိုသို့ အမြန်ဆုံးအရောက်လာရန်၊ မြန်မာပြည် အထက်ပိုင်းမှ ကိုယ်စားလှယ်သုံးဦး ဗဟိုတွင် တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်သည်၊ ထိုအချိန်ကျနော်တို့ သင်တန်းဆင်းပြီးကာစ၊ ၁၉၈၈ ဒီဇင်ဘာ လ နောက်ဆုံးအပါတ်၊ ထိုည ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနေကြသည်၊ ညက နက်ပြီ၊ ကောင်းကောင်း အတည်ပြု၍တော့ မရနိုင်သေး၊ အရေးကြီးသဖြင့် မိုးလင်းအထိ ကြိတ်နေကြခြင်းဖြစ်သည်၊ ငြင်းကြခုံကြနှင့် အခြေအတင် ဆွေးနွေးကြရသည်၊ န.အ.ဖ အမျိုးသားညီလာခံလို လက်ထောင် ခေါင်းငြိမ့်မည့်သူများ မဟုတ်ကြ၊ လက်နက်ကိုင်အဖွဲ့ အစည်းတွင် ဖွဲ့စည်းပုံသည် အရေးပါသကဲ့သို့ တိုင်းပြည် ဖွဲ့စည်းပုံက ပိုမိုအရေးကြီး ကြောင်း ထိုစဉ်ကတည်းက နိုင်ငံရေးသင်ခန်းစာတခု ရလိုက်သည်၊ ထိုအချိန်တုန်းက ကျနော်တို့ ဖွဲ့စည်းပုံက ဥက္ကဌ အထက်တွင် ဗဟိုဦးစီး (၃)ယောက် ထားသည့် စနစ်၊ လက်နက်ကိုင်အဖွဲ့ အသစ် စတည်ထောင်သော အဖွဲ့အစည်းအဖို့ အာဏာကို တဦးတယောက်တည်းတွင် မပုံမိစေရန် ဦးတည်ကြ သည်၊ န.အ.ဖ ကတော့ အရှက်မရှိ၍ ဗြောင်ပင် အမျိုးသား နိုင်ငံရေးမှာ စစ်တပ်ကဦးဆောင်ဖို့ အသည်းအသန် ကြိုးစားနေကြ ရှာသည်၊ ထိုကျနော်တို့ ရေးဆွဲသော ဖွဲ့စည်းပုံက ဥက္ကဌ ၏ အထက်၌ ဗဟိုဦးစီးအဖွဲ့ဝင် သုံးယောက်ရှိသည်၊ မည်သူ့ကို ဥက္ကဌလုပ်ပါဟု အဆိုတင်ကြသည်၊ ဤသည်မှာ ကျနော်တို့ မြောက်ပိုင်း မ.က.ဒ.တ ထူးခြားချက်ဖြစ်သည်၊ မည်သူမှ ဥက္ကဌ မလုပ်ချင်ကြ၊ အားလုံးက တိုက်ခိုက်ရေးကိုသာ အားသန်နေကြသည်၊ ဥက္ကဌလုပ်ရန် ဗြောင်ငြင်း ပယ်ကြသည်၊ လူကြီးလုပ်လိုသော၊ လူစွာလုပ်လိုသော ဆန္ဒမည်သူမှ မရှိကြ၊ အားလုံးက တိုက်ပွဲကိုသာ တောင်းဆိုနေကြသည်၊ သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥက္ကဌ ကိုတော့ ရွေးကောက်ခဲ့ကြလေသည်။

ထိုအချိန်က ဗဟိုဦးစီးသုံးယောက်မှာ ကိုလှဌေး(ဗန်းမော်၊ ယခု အိန္ဒိယ နယ်စပ် မကဒတ)၊ ကိုလွှမ်းမိုး(ကျဆုံး)။ ကိုနေထွန်း (မြစ်ကြီး နား၊ ရောင်နီဦးကျောင်း မ.က.ဒ.တ ဗဟို) တို့ဖြစ်ကြပြီး ကိုကျော်ကျော်-ကချင်ပြည် (မြစ်ကြီးနား ဥက္ကဌ မ.က.ဒ.တ မြောက်ပိုင်း)၊ ကိုသံချောင်း မော်ဟန် (စစ်ရေးတာဝန်ခံ) (သေဒဏ် အပေးခံထားရသူ)၊ ကိုမျိုးဝင်း(နမ္မား)အတွင်းရေးမှူး ( တိုက်ပွဲတွင် ကျဆုံး) တို့က ဗဟိုကော်မတီများ ဖြစ်ကြသည်၊ အများစုမှာ တက္ကသိုလ်ကျောင်းသားများ ။

ကျနော်တို့ သန္ဓေစတည်ခဲ့သော နေရာကား အင်မတန်မှ ရာသီဥတုဆိုးဝါးသည့်နယ်မြေ၊ မြန်မာပြည်မြောက်ပိုင်း ပင်လယ်ရေ မျက်နှာပြင် အထက် အတော်လေး မြင့်သောနေရာ၊ အင်မတန်အေးသည့် နေရာ၊ တနှစ်ပါတ်လုံးအမြဲလိုလို စွတ်စို ထိုင်းမှိုင်း အုံ့ဆိုင်းသည့်နေရာ။ ရေခဲအမှတ် ဇီးရိုး ဒီဂရ်ီအောက် ကပ်နေသောနေရာ၊ အသားတွေကွဲအက် ၊ နှုတ်ခမ်းတွေ ပဲ့ထွက်၊ ရေမချိုး ဖြစ်သောရက် များက လနှင့်ချီ၊ သွားမတိုက်ဘဲ လနှင့်ချီနေသော်လည်း ပါးစပ်က ပုပ်ဟောင်သည့် အနံ့ ကမထွက်၊ ရေခဲတိုက်ထဲ ထားသောငါးကဲ့သို့ ကြာလာတော့ ရဲဘော်များ ထုံနာဖြစ်လာသည်။ ထုံရောဂါဟုခေါ်သည်၊ မျက်နှာများ ခန္ဒာကိုယ်များ ဖေါရောင်လာသည်၊ မည်သည့် နေရာ အသားပေါ် နှိပ်လိုက်နှိပ်လိုက် ချိုင့်ခွက်ကြီး ဖြစ်သွားသည်၊ ပြန်၍ ရုန်းမကြွနိုင်တော့၊ ထိုမှတဆင့် အသည်းရောင် အသားဝါ ဖြစ်ကြသည်၊ ထုံရောဂါဆိုသည်မှာ အေးလွန်းသဖြင့် မြေကိုင်သည့်ရောဂါဟု ဆိုကြသကဲ့သို့ အဟာရ ပြတ်ရောဂါဟုလည်း ခေါ်ကြသည်။

စားရသည်က ၀မ်းဆက်ဟင်း၊ ၀မ်းဆက်ဟင်း ဆိုသည်မှာ ထမင်း နှင့် ဟင်းအဖြစ် ဆန်ပြုတ်၊ တရုပ်ပြည်လုပ် ဆီတို့ဖူး၊ မုန်ညှင်းစားရ သောနေ့သည် ရှင်လိင်ပြန်သောနေ့ထက် အပျော်ဆုံး၊ မုန်ညင်းများတွင် တခါတရံ ငရုပ်သီးဖတ်ကလေး များက အစီအရီ၊ မုန်ညင်းကို တရုတ်ပြည်ထဲမှ ၀ယ်ကြရသည်၊ သူတို့မြေကြီးက အပြန်တစ်ထောင် မက စိုက်ပျိုးမြေဖြစ်ရာ မြေဆီ၊မြေနှစ် လုံးဝမရှိတော့၊ အပင်စိုက်သည့်အခါ မြေသြဇာအဖြစ် လူ၏ မစင်ကို အရည်ဖျော် လောင်းကြသည်၊ တရုပ်ပြည်တွင် မစင် ကို အလကားမရ ပိုက်ဆံ ပေးဝယ်ရသည်၊ တရုပ်က မြန်မာပြည် မြေကြီးကို အရမ်းသဘောကျသည်၊ ထိုကြောင့် ရေစင်အောင် မဆေးနိုင်သော မုံလာထုပ်၊ ဂေါ်ဖီထုပ်၊ မုန်ညင်းများတွင် ငရုတ်သီးဖတ်လေးများက ဟိုတစ၊ဒီတစ ကပ်ရပ်လျှက် စီစီရီရီ ချက်သည့်အခါတွင်လည်း အီလည်လည် အနံ့ကြီးက နှားခေါင်းထဲသို့ စို့စို့ပို့ပို့ ၀င်လာတတ်သည်၊ မတတ်နိုင်၊ အကောင်းဆုံး အဟာရ ဖြစ်နေသူက သူ(မစင်ရည် ဖြန်း လန်းဖြာနေသော မုန်ညင်း) …….။

ရာသီဥတုက ကြမ်းတမ်းသည်၊ မိုးကလည်း အုံ့ဆိုင်းဆိုင်း အခင်းကျင်းမဲ့ တိုက်ခတ်လာသော လေက အသားကို ဆွဲဆုပ်ယူသကဲ့သို့ အေးလွန်းလှသည်၊ လေနှင့်အတူ မိုးစက်များ၊ ရေခဲအမှုန်များက ကပ်ပါလာသည်၊ အသည်းခိုက်အောင် အေးလွန်းသည် ဆိုတာ ဒါများလား မြေကြီးပေါ် ရေခဲများက အတောင့်လိုက်၊ အချောင်းလိုက် ထွက်ပေါ်နေသည်၊ မနက်မိုးလင်းလျှင် အပေါ်ယံ ရေများ တင်း၍ အေးခဲနေသည်။

ရဲဘော်များက ရာသီဥတုကို ညည်းကြသည်၊ “ဒီနေရာ လူနေတဲ့နေရာ မဟုတ်ဘူး” ဟု စိတ်ထွက်ပေါက်အနေနှင့် ပြောဆိုမိသလို ထိုစကားကို သင်တန်းမှူး ကြားသွားသည်နှင့် “ဒီနေရာက လူနေတဲ့ နေရာ မဟုတ်လို့ နတ်တွေ နေတဲ့နေရာလား…… ငါတို့တောင် နေနိုင်သေးတာ” ဟု စိတ်ဓါတ် မြှင့်တင်ရေးစကားများ ပြောကြရသည်၊ ရာသီဥတု၊ အစားအသောက်၊ အနေအထိုင် ဆိုးဝါးလွန်း ပေမယ့် စိတ်ဓါတ်ကျဆင်း နေသော ရဲဘော်များ တယောက်မှမရှိ။

ကျနော်တို့မြောက်ပိုင်းမှာ ကျောင်းသားအရေအတွက် နည်းသည်။ အခြေခံ လယ်သမား လူတန်းစားမှ ပေါက်ဖွားလာကြသော သူများက ခပ်များများ။ ကျောင်းသားတွေကလည်း ဒီတော ဒီတောင် ဒီရေ ဒီလေနှင့်ကြီးပြင်းကြသူများ ဖြစ်သဖြင့် တော်လှန်ရေး ဒူပေဒါပေ ခံနိုင်သူများသည်။ မြို့ကြီးမှ ကျောင်းသားများက ခံနိုင်ရည် နည်းကြသည်၊ တောနေလူတန်းစားကတော့ တော်လှန်ရေးထဲ ဒေါင်လိုက်ထည့်ထည့် အလျားလိုက်ထည့်ထည့် လျှောကနဲ ၀င်သွားကြသည်။ မြို့ကြီးပြကြီးမှ လူများကတော့ ၀င်တော့ဝင်သည် ကန့်လန့်ကြီး၊ ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးလည်း လူတန်းစားဗီဇက အရေးကြီးသည်၊ တောနေလူတန်းစားက အမိန့်နာခံမှု အားကောင်းသည်၊ အလုပ်လုပ်ရာတွင် ဇွဲရှိသည်၊ တစိုက်မတ်မတ်လုပ်လေ့ရှိသည်၊ သဘောတရားပိုင်းတွင်တော့ အားနည်းသည်၊ ခေါင်းဆောင်မှု ကောင်းရင် ကောင်းသလို တော်လှန်ရေးတွင် အကျိုးကျေးဇူးကြီးသည်၊ အရေးကြုံလာလျှင် ဒီလူတန်းစား ဗီဇက တော်လှန်ရေးကို အကျိုးသက်ရောက်မှု အားကောင်းစေသည်။

အစည်းအဝေးက မပြတ်၊ ညဥ့်နက်လေလေ အအေးဓါတ်က ပိုဆိုးဝါးလာလေလေ၊ လူအများက မီးဖိုဘေးက မခွာနိုင်တော့၊ မိုးလင်းတော့မည် ထိုစဉ် ရဲဘော်တယောက် ၀င်လာသည်၊

“ငှက်ရုပ်ကြီးကို အလေးပြုပါတယ်”

“ငှက်ရုပ်မဟုတ်ဘူးကွ ဒေါင်းရုပ်- ဒေါင်းရုပ်”

ထိုလယ်သမား တော်လှန်ရေးသမားက ဒေါင်းရုပ်ကို တခါမှ မြင်ဘူးပုံမရ၊ နို့ ……. သူ့စိတ်တွင် ငှက်ရုပ်ကြီးထင်သဖြင့် ရိုးရိုးသားသား ငှက်ရုပ်ကြီးကို အလေးပြုပါတယ်ဟု ပြောခြင်းဖြစ်သည်၊ ကျနော်တို့အားလုံး တ၀ါးဝါးနှင့် ပွဲကျသွားသည်၊ အိပ်ချင်စိတ်များ ဘယ်ရောက်သွားသည် မသိ၊ အလံနီနီ ရဲရဲပေါ်ရှိ ဆွဲထားသော ဒေါင်းရုပ်က အနုပညာ မမြောက်သဖြင့် ဒေါင်းမှ ငှက်ရုပ်ကြီး ဖြစ်သွားရခြင်း ဖြစ်သည်။ တော်လှန်ရေးလည်း တော်လှန်ရေးအနုပညာမြောက်ဖို့အရေးကြီးသည်၊ တော်လှန်ရေး အနုပညာ မမြောက်ပါက ဒေါင်းဘ၀မှ ကျီးဘ၀သို့ ရောက်သွားသည်၊ ထိုကျီးဘ၀မှ နှံပြည်စုတ်လဲ ဖြစ်သွားနိုင်သည်၊ စစ်မှန်သည့် တော်လှန်ရေးအနုပညာ ဆိုသည်မှာ သဘောတရားနှင့် လက်တွေ့ကိုက်ညီရေးပင် ဖြစ်သည်။

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဟု ပြောကြသောသူများကို တွေ့ဖူးသည်၊ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ သူတို့အဖို့ ခြင်တကောင်မျှပင် ရိုက်မသွားနိုင်ကြပေ၊ ဘုတ်အုပ်ကြီးကို ထမ်းပြီးလာကြသောသူများပင်၊ စာရွက်လှန်ချိန် မရ၊ အနောက်သို့ မြောက်လေအပင့်မှာပင် တော်လှန်ရေး ၀မ်းစာပေါက်ကာ ထွက်ခွာသွားကြလေပြီ၊ တော်ရုံတန်ရုံ ခံနိုင်ရည်မရှိဘဲနှင့် လက်နက်ကိုင် တော်လှန်ရေးကို မလုပ်နိုင် ကြားလေများက ဒွိဟ ဖြစ်သွားစေနိုင်သည်၊ လောကဓံ တရား(၁၀)ပါးကလည်း ကိုယ့်ဘေးနားမှာ အပြည့်။ ကိုယ်ကျိုးစွန့်သူများက တကယ်တော့ နိုင်ငံအတွက် အနစ်နာခံကာ ဒီမိုကရေစီ သယ်ဆောင်လာမယ့် ဒေါင်းတမန်တွေ မဟုတ်ပါလား။

မိုးလင်းပြီ၊ ခရီးထွက်ရန်ပြင်ဆင်ကြသည်၊ ထွေထွေထူးထူးယူစရာတော့မရှိ၊ အင်္ကျီနှစ်စုံ၊ ပုဆိုးနှစ်ထည်၊ နယ်မြေသစ်သို့ သွားရတော့ မည် ဖြစ်သဖြင့် အသဲကတလှပ်လှပ်၊ ရင်တဖိုဖို၊ ရည်းစားဦးနဲ့ ချိန်းတဲ့ ညလို စိတ်ထဲက ဘာလိုလို၊ စိနတိုင်းကိုကျော်ဖြတ်ရမည်၊ လျှောက်ရမည့်လမ်းကခရီးကြမ်း။ အန္တရာယ်များစွာများကို ကျော်ဖြတ်ရမည်၊ မတော်လျှင် အသက်ပါဆုံးရှုံးနိုင်သည်၊ သို့သော် ကြောက်စိတ်က လုံးဝမရှိ၊ တိုက်ပြီးဖေါက်ထွက်မည်ဟု သံဓိဌာန်ချမိသည်။

အရှေ့မှလျှောက်သော ကချင်ရဲဘော်လေးများက လမ်းလျှောက်ရင်း တခစ်ခစ်နှင့် ကျိတ်ရယ်နေကြသည်၊ “လမ်းနှင့် နီးနေပြီ မရယ်ကြနဲ့”ဟု ကျနော်က သတိပေးလိုက်ရသည်၊ သူတို့လေးတွေက အသက်က ဆယ်ကျော်သက် အရွယ်သာသာပင် ရှိကြသေးသည်၊ ရှေ့က ရဲဘော်တယောက်က ခရီးသွားရင်း လေလည်သဖြင့် နောက်က ရဲဘော်များက လှောင်ရယ်နေခြင်းပင်၊ “စ” ၍ တွတ်ထိုး ရယ်နေကြခြင်းဖြစ်သည်၊ ကားလမ်းနှင့် တဖြည်းဖြည်းနီးလာချေပြီ်၊ ကားလမ်းပေါ် ရောက်လျှင် ဘရိတ်ဒန့်ကမည့်သူ၊ ကားလမ်းကို ကုန်းနမ်းမည့်သူများ၊ အချိန်က ညနှစ်နာရီ ……….။

ကားလမ်းပေါ်ခြေချလိုက်သည်နှင့်-------။

သေနတ်ပေါက်ပြီ…….။ ဒုတ်-ဒုတ်-ဒုတ်-ဒုတ် နှင့် ဂျီဖိုးနှစ်လက်ကို ထောင်ပြီးပစ်နေသည့် အသံ၊ တဒင်္ဂ တော့ ကမ္ဘာပျက်သွားသည်၊ အော်သံ၊ ဟစ်သံ၊ ဆဲသံ၊ ဆူသံ။ လူခေါ်သံများက ညအမှောင်ယံအတွင်း ပွက်ပွက်ညံသွားသည်၊ နှစ်ဖက် ပစ်ခတ်ကြသည့် အသံများက ညဥ့်ဦးယံကို ဖေါက်ထွက်နေသည်၊ ကျည်ဖြတ်ရာလမ်းကြောင်း ကတော့ အလင်းတန်းများဖြင့် တလက်လက်၊ ကျည်က ခေါင်းပေါ်ကျော်နေသည်၊ ကျည်သွားရာ လမ်းကြောင်းကို ကြည့် ၍ နေရာချနေသော ကျနော်တို့ တပ်ကြပ်ကြီးကိုတွေ့ရသည်၊ သူက မဟာမိတ်တပ်က ကချင်တပ်မတော်တွင် တာဝန်ထမ်းဆောင်သော ပလောင်လူမျိုး တပ်ကြပ်ကြီး၊ မတ်တပ်ရပ်ပြီး သေနတ်ကို အောက်စိုက်ကာ ကျည်များ တတောင့်ချင်းကုတ်နေသည်။ ပါးစပ်မှလည်း ကျနော့်နာမည်ကို အော်ခေါ်လျှက်၊ ကျနော်က သူ့အောက်မှာ မုဆိုးဒူးထောက်ထိုင်ပြီး ပစ်နေသည်ကို သူမသိ၊ “အောက်မှာရှိတယ်၊ အောက်မှာရှိတယ်” သူကိုအော်ပြီးပြောရသည်၊ ကျနော်က အော်တိုကို စေ့ဖ်လုပ်ပြီး တကဒ်လုံးဆွဲ ပစ်လိုက်သည်၊ ထိုစဉ် “အုန်း”…..”၀ုန်း”…“ဂျိန်း”ဆိုသောအသံ ကျယ်လောင်စွာ နှစ်ကြိမ် ကြားလိုက်ရသည်၊ ခေတ္တမျှ တိတ်ဆိတ် ငြိမ်သက်သွားသည်၊ ကျနော်တို့ လမ်းကို ၀ရုန်းသုန်းကားနှင့် အပြေးအလွှား လမ်းဖြတ် ကူးကြသည်၊ နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက် ဆိုရိုးနဲ့အတူ တနာရီလောက် ဆုတ်ခွာလာပြီးနောက် လူစစ် တန်းစီလုပ်သည်၊ ရဲဘော်တယောက် ပျောက်နေသည်၊

“ဟာ…….ရဲဘော်တယောက် ပျောက်နေပြီ…….ကိုသားချစ် နောက်ကြောင်းလှည့်ပြီး ပြန်ရှာရအောင်”

ကျနော့်အား လှမ်းပြောသဖြင့် ကျနော်နှင့် တပ်ကြပ်ကြီးနှစ်ယောက် ယခင်နေရာသို့ ပြန်လှည့်လာကြသည်၊ ညကမှောင်နေသည်။ ကားလမ်းမပေါ် အရိပ်တခုလိုလို ဖြတ်ကနဲ တွေ့လိုက်ရတယ်၊ တဖက်မှလည်း ညည်းညူနေသည့် အသံများ၊ ကားလမ်းမပေါ်တွင် မှောက်ရက်လဲနေသော ရဲဘော် တယောက်ကို မှုန်ဝါးဝါး တွေ့လိုက်ရသည်၊ ထိုသူကား ……လမ်းလျှောက်ရင်း လေလည်လာသော ရဲဘော်လေ။ ဖြစ်ပုံက သူ့ တင်ပါးမှာ သေနတ်မှန်ထားသည်ကို တွေ့ရသည်။

ရန်သူမှာ ကျနော်တို့ ဖြတ်မည့်လမ်းကို သတင်းရ၍ ပိတ်စောင့်နေခြင်းဖြစ်သည်၊ သို့သော် သူတို့က အင်အား (ရ)ဦးသာရှိသည်၊ မိနစ်သုံးဆယ်ကျော် တိုက်ပွဲဖြစ်စဉ်အတွင်း လမ်းကိုဖြတ်ကူးပြီး သူတို့ ဘေးဘက်သို့ လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းလိုက်သည်ဟု သိရသည်၊ ထိုတိုက်ပွဲ၌ ရန်သူ (၅)ယောက် ပွဲချင်း သေဆုံးသွားကြောင်း သိရှိရသည်၊ တယောက်မှာမူ အကြောက်လွန်၍ ပြေးရင်းအမောဆို့ပြီး သေဆုံးသွားသည်ကို ထပ်မံသိရှိခဲ့ရသည်၊ ကျည်ဖြတ်ရာလမ်း၊ တိုက်ပွဲမဖြစ်မှီ ကွပ်ကဲမှု ဖြစ်ပွားပြီးနောက် ကွပ်ကဲမှု ထိမ်းသိမ်းမှု ရန်သူကို ဖြိုခွင်းမှု နည်းပညာများကို စတင်လေ့လာ သိရှိခွင့်ရခဲ့သည်။

ထိုစဉ်က ကျနော်တို့ အသုံးပြုသော သေနတ်မှာ အမ်(၁၆)သေနတ်ဖြစ်သည်၊ အမေရိကန်လုပ်ဖြစ်သည်၊ သယ်ရသည် မှာ ပေါ့ပါးသည်၊ သို့သော် အပိုကျည် ရှာရခက်သည်၊ ကျနော်ကြိုက်သည်က ရုရှား လုပ် အေကေ- ၄၇ ဖြစ်သည်၊ တော်လှန်ရေး အဖွဲ့များတွင် အသုံးများသည်၊ တရုပ် နှင့် ဗီယက်နမ် ကလာသော လက်နက်များဖြစ်ကြသည်၊ ထိုသေနတ်ကို ပစ်ရသည်မှာ စီးစီး ပိုင်ပိုင်ရှိလှသည်ကြံ့ခိုင်မှု အားကောင်းသည် ရေထဲမှာ မြုပ်ထားပြီး အခုပြန်ဖေါ် ပြန်ပစ်၊ ရေစိုနေလဲ မီးမကူးသည့် ပြဿနာမရှိ၊ ကြိုက်တဲ့အချိန်ပစ်၊ ကျည်ကတော့ ဝေါကနဲထွက်သည်၊ သို့ရာတွင် ညတိုက်ပွဲတွင် မူကား မီးရောင်ထွက် သည်ကိုမူ မနှစ်မြို့နိုင်။

တန့်ယန်း - သိန္ဒီ ကားလမ်း ဖြစ်ပွားသည့် တိုက်ပွဲသည်ကား ကျနော်တို့ အတွက် ပွဲဦးထွက် တိုက်ပွဲ။

ထိုတိုက်ပွဲ နောက်ဆက်တွဲ အခြေအနေများကို အနီးနားရှိ ရွာသားများက အားရ၀မ်းသာစွာ လာပြောကြသည်၊ ရှမ်း၊ ကချင် လူထုရဲ့ မျက်နှာများက အပြုံးရိပ်များ ထင်ဟပ်နေပြီး ကျေနပ်နှစ်သိမ့် နေကြသည်၊ စားစရာသောက်စရာများကလည်း တပွေ့တပိုက်၊ နအဖ စစ်ခွေးများ ပိုးလိုး ပက်လက်ကြီးဖြစ် နေပုံများကို ပြန်ပြောကြသည်၊ သူတို့ ဖိနှိပ်မှုကြောင့် ခံစားနေရသော မွန်းကြပ်မှုများကို ကျနော်တို့ တိုက်ပွဲများက ဖြေဖျောက်ပေးနိုင်ခဲ့သည်။--လူထုသည်……….ရေ ၊ တော်လှန်ရေးသမားသည်…….. ငါး၊ ရေမရှိဘဲ ငါး မရှင် နိုင်သကဲ့သို့ လူထုမရှိဘဲ တော်လှန်ရေးသမားများ မည်သို့မျှ မရပ်တည်နိုင်။

လူထုတရပ်လုံးက နီးရာဓါးကို ကြောက်နေကြရသည်၊ စီမံခန့်ခွဲမှု မှားယွင်းတဲ့ စီးပွားရေး ဒါဏ်ရာဒါဏ်ချက်များကြောင့် တုံဏိဘာဝေ ဖြစ်နေ ကြရပြန်သည်၊ သို့သော် ပုဆိုးခြုံထဲက လက်သီးတော့ ဆုပ်နေကြသည်၊ ယခုတလော လူထုအသံကိုကြားနေရသည်၊ ဒီတခေါက်ဖြစ်လျှင် ရှစ်လေးလုံးထက် ပိုဆိုးတော့မည်ဟု လူထုကြိမ်းဝါးသံများကို အဆက်မပြတ် ကြားသိနေရသည်၊ လူထုက ချချင် နေပြီ၊ န.အ.ဖ စစ်အုပ်စုကို မည်သည့်နည်းလမ်းနှင့် မည်သို့ ဆန့်ကျင် အန်တုကြရမည်ကိုက မသိကြ၊ အထွေထွေ စီးပွားရေး ကျဆင်းမှုများကြောင့် လူထုက ထွက်ပေါက်ပိတ်နေသည်။ ယခင် ကာလများ လူထုတွင် ဆန်အိုးထဲ၌ ဆန်များရှိနေကြသည်၊ ယခုမှာမူ ဆန်အိုးထဲသို့ ခပ်ကြည့်သောအခါ တဂျစ်ဂျစ် မြည်သံကိုသာ ကြားရတော့သည်။ အဲဒီမြည်သံတွေထဲ ဒေါသသံ ရောပြွမ်းနေပြီလား မသိ။

တော်လှန်ရေးသမားများ၏ အဓိကတာဝန်မှာ လူထုအား မိမိကိုယ်မိမိ ယုံကြည်မှု လက်နက်တပ်ဆင်ရေး နှင့် စစ်အာဏာရှင် ပြုတ်ကျစေရန် နည်းလမ်းများ ကြံဆတီထွင် ဖေါ်ထုတ် တိုက်ပွဲဝင်ရေးဖြစ်သည်၊ အဓိကထား လုပ်ရမှာက မိမိတို့ တည်ဆောက်ထား သော ယူဂျီဆဲလ်များပင် ဖြစ်သည်၊ တိုင်းပြည်ကို စစ်အာဏာရှင် စနစ်အောက်မှ အမြန်ဆုံး လွတ်မြောက်စေလိုလျှင် အထက်ပါ လုပ်ငန်းများကို တစိုက်မတ်မတ် ဇောက်ချလုပ်ကိုင်ရန် လိုအပ်လာနေပြီ ဖြစ်သည်၊ နိုင်ငံရေးဆိုသည်မှာ အဆက်မပြတ် လှုပ်ရှားမှုများ ဖေါ်ထုတ်ရေးဖြစ်သည်၊ ပြည်တွင်း၌ အနစ်နာခံ ကိုယ်ကျိုးမငဲ့ စွန့်လွှတ် လုပ်ကိုင်နေကြသော ကိုမင်းကိုနိုင်တို့ရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုများက လူထုအတွက် အားသစ် သွေးသစ်လောင်းပေး နေသလိုသာ။

Monday, December 24, 2007

နဝေတိမ်တောင် စာကို ဖတ်သူများသို့ ....

ဒီဆောင်းပါးလေးကို မေးခွန်းလေးနဲ့ စချင်ပါတယ် ဆိုပြီးတော့ ဇော်မျိုးက သူဘလောခ်မှာ ပိုစ်တစ်ခုတင်ပါတယ်။ အမှန်အတိုင်းပြော ရရင် သူဘလောခ်ကို ဖတ်လေ့ မရှိဘူး။ တခါတလေတော့လည်း စီဘောစ်တိုင်းလိုလို မှာတွေ့ ရတဲ့ သူ့ ရဲ့ ကြော်ညာအားကြောင့် ၂ ခါ ၃ ခါလောက်ဝင်ကြည့်ဖူးတယ်။
ဇော်မျိုးက သူ့ ပိုစ်ကို အပိုင်းတွေ ခွဲပြီး ပြောထားတယ်။

၁ - ဒီမိုကရေစီ လှုပ်ရှားမှု နဲ့ ကော်ပီနိုင်ငံရေး
၂ -
ပုဂ္ဂိုလ်ရေးအမုံန်းတွေ ရပ်ဆိုင်းပါ
၃ -
နအဖ စစ်တပ်မဟုတ်ပါ
၎ -
ဝန်ထမ်းတွေကို စည်းရုံးပါ
၅ -
သတင်းဌာနများ
၆ -
မိမိတာဝန်
-----၁ -
ဝါဒတူတွေလုပ်တိုင်း မထောက်ခံပါနဲ့
-----၂ -
မိမိလူကို စည်းရုံးပါ
-----၃ -
ဦးနောက်မပျင်းပါနဲ့
-----၄ -
အမြှောက်ကိုစားအားရှိပါ၏
-----၅ -
မိမိအဖွဲ့အစည်းတွေကို အရည်အသွေးမြှင့်တင်ပါ
-----၆ -
ရန်ထောင်တာတွေ ရပ်ပါ
-----၇ -
ခေါင်းဆောင်သစ်လိုပြီ

နောက်ပြီး သူတို့ ရဲ့  အတုအယောင် စိတ်ကူး တိုင်းပြည် (virtual country) ကိုလည်း ပြောတယ်။

ခေါင်းစဉ်တွေကို ကြည့်ရင်တော့ အဟုတ်ကြီးလိုလိုပဲ။ နောက်ပြီး အဲဒီ့ပိုစ်ဘယ်လောက်ရှည်မလဲဆိုတာလည်း သိနိုင်ပါသေးတယ်။ သူတို့ ရဲ့ စာရေးနည်းကတော ဟုတ်တာတွေနည်းနည်းထဲမှာ ဟုတ်သလိုလိုတွေ၊ မဟုတ်တာတွေ၊ ဘာမှ မဆိုင်တဲ့ ဟာတွေကို ထည့်ပြီးတော့ ရေးနည်းပဲ။ (သူများတွေ ပြောသလိုဆို နဝေတိမ်တောင် ပြောနည်းပဲ)။ သူတို့ ရေးသမျှ အားလုံးကို လိုက်ပြောနေရင် ကျွန်တော့် အချိန်တွေနှမြှောစရာကောင်းတယ်။

ပထမဆုံး မြန်မာ ဒီမိုကရေစီလုပ်နေသူတွေဟာ ကလေးဆန်တယ်။ သမိုင်းစာအုပ်ကြီးတွေကနေ ပုံတူကူးလုပ်နေတယ်။ ဒါပဲ သူမြင်တယ်လို့ ဆိုတယ်။ ကလေးဆန်တယ်ဆိုတဲ့ ကိစ္စကို ဥပမာပေးတော့ ကိုနစ်နေမန်းဘလောခ်က ရုရှ စစ်ဗိုလ်နဲ့  ကလေးမလေး ကိစ္စကို ပြောတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးနည်းနည်းပြောချင်တယ်။ ဘာလို့ ပြောချင်တာလည်းဆို ဒီမိုကရေစီသမားတွေ ဟာ ဘာမှ မစဉ်းစားဘူးလို့  ခဏခဏပြောလေ့ရှိလို့ ပါ။နောက်ပြီး ဒီကိစ္စဟာ နအဖ နောက်ဆွဲတွေရဲ့  အပုတ်ချစရာ တစ်ခုအဖြစ်ပြောဆိုနေကြလို့ ပါ။ မှန်တယ်။ ဒါဟာ ကို နစ်လို့ ဘလောခ်အတွက် မတင်ပြသင့်တဲ့ သတင်းပဲ။ တော်တော်များများလည်း ပြောခဲ့ကြပါတယ်။ ကြယ်စင်ကျော်ဆို အပြောရဲလို့  ပွထလာတဲ့ အထိပဲ။ ဒါပေမယ့် ကိုနစ်ဘလောခ်က သတင်းမှန်တွေ၊ ဓာတ်ပုံအမှန်တွေကို အမြန်ဆုံးတင်ပြပေးခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်။ မမှန်တာတွေလည်း ပါခဲ့ပါတယ်။ ဆင်ခြင်တုံးတရားလည်းရှိခဲ့မယ်၊ ရင်ဘတ်တွေကိုလည်းဖွင့်ထားခဲ့မယ်ဆိုရင် အဲဒီမမှန်တဲ့ သတင်းတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့  လုပ်ခဲ့တာမဟုတ်ဘူးဆိုတာကို တွေလာရလိမ့်မယ်။ သတင်းမှားရတဲ အကြောင်းကတော့ အမြန်တင်ပေးနေရခြင်း၊ မစီစစ်နိုင်ခြင်း၊ တခါတလေ စိတ်လောကြီးသွားခြင်း၊သတင်းတင်ပြသူ တစ်ဦးထက်မကရှိပြီး သူတို အားလုံးဟာ pro များမဟုတ်ကြခြင်း တို့ ကြောင့်ပဲ ဖြစ်တယ်။ အဲဒီစစ်ဗိုလ်ကိစ္စပဲ ပြောစရာဖြစ်ခဲ့တာဖြစ်တယ်။ နောက်ပြီး ကိုနစ်ဘလောခ်က အဖွဲနဲ့ လုပ်ရှားတဲ့ ပုံစံ။ တစ်ယောက်တစ်လေဟာ တခါတလေမှာ မှားနိုင်ပါတယ်။ ဒါကိုကြည့်ပြီး တော့ ဒီမိုကရေစီသမားတွေဟာ ကလေးဆန်တယ်လို့  ၀ါးလုံးရှည်နဲ့ သိမ်းကြုံးပြီး ရမ်းသမ်း ပြောရင်တော့ ပြောတဲ့ သူကိုယ်တိုင်ကိုယ်က ကလေးအတွေးပဲရှိလို့ ဖြစ်တယ်။

ပုံတူကူတယ်ဆိုတဲ့ ကိစ္စကတော့ အတော်ကို ရယ်စရာကောင်းတယ်။ သမိုင်းစာအုပ်တွေထဲကနေ ပုံတူကူးနေတယ်တဲ့။ ကူးတဲ့ ဥပမာကလည်း မတရားတဲ့ အမိန့် ဖိဆန်ရေး၊ စီးပွားရေးပိတ်ဆိုရေး၊ အစိုးရယန္တယားရပ်အောင်လုပ်ဆောင်ခြင်းတဲ့ ဗျ။ သိထားရမှာက အဲဒီဟာတွေဟာ သမိုင်းစာအုပ်ထူထူကြီးတွေထဲမှာရှိရှိ၊ မရှိရှိ အရေးမကြီးဘူး။ လုပ်ဖို လိုအပ်တဲ့ အတွက် လုပ်နေကြတာပဲ။ လုပ်ဖို့  ကြိုးစားနေကြတာပဲ။

ကျွန်တော်တို့  လိုချင်တဲ့ ကြိုးစားနေတဲ့ ဒီမိုကရေစီနိုင်ငံတော်မှာ နောက်တက်လာမဲ့ အစိုးရဟာ သူလုပ်ချင်တာကို ဘာပဲဖြစ်ဖြစ်ဆိုပြီး လုပ်ခွင့်မရှိဘူး။ သန်းရွှေကို မုန်းလို့ ဆိုပြီး ထောင်နှစ်ရှည်ချလို့ မရဘူး။ တကျွန်းချလို မရဘူး။ ဒီတော့ " သူတို့လက်ထဲအဏာရောက်မှ ပြည်သူတွေ လိုလားလို့ပါဆိုပြီး အကြောင်းပြချက်နဲ့ စစ်ခုံးရုံးတင်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ " ဆိုတာဟာ အာဏာရှင်စက်ကွင်းအောက်က မလွတ်မြောက်သေးတဲ့ အတွေးအခေါ်မျိုးပါ။ ဒီမိုကရေစီမှာ အဲဒီအတွေးအခေါ်မရှိဘူး။ သန်းရွှေဟာ တရားစီရင်ရေး ဥပဒေရဲ့  ဆုံးဖြတ်ချက်အောက်မှာပဲ ရှိပါတယ်။ သန်းရွှေဟာ အပြစ်မရှိသူ၊ ဒါမှမဟုတ် လွတ်ငြိမ်းချမ်းသားခွင့် ပြုထိုက်သူ လို့  တရားဥပဒေ က ဆုံးဖြတ်ခဲ့ရင် နောက်တက်လာမဲ့ အစိုးရဟာ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးဆိုတာ နားလည်းထားပါ။ ဒီလိုပဲ သန်းရွှေဟာ သေဒဏ်ထိုက်သူ လို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင်လည်း အစိုးရဟာ သူကို ကယ်ချင်ပါတယ်ဆိုတောင် လုပ်ခွင့် မရှိဘူးဆိုတာ နားလည်ပါ။ စစ်အာဏာရှင်အောက်က အတွေးမျိုးတွေနဲ့ ဒီမိုကရေစီကို မဆုံးဖြတ်ပါနဲ့ ။

စစ်တပ်ကိုတော့ နအဖပြည်ဖျက်ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်နေပြီး သူတို့ ခိုင်းသမျှ လိုက်လုပ်နေတဲ့ တပ်မို့  နအဖတပ်လို့ ခေါ်တာပဲ။ ပြည်သူ့ စစ်တပ်ဆို ပြည်သူ အကျိုးရှိတာပဲလုပ်မပေါ့။ ဒါပေမယ့် ကျွန်တော်က စစ်တပ်ကို ဘယ်တော့ မှမဆဲခဲ့ဘူးဖူး။ စစ်သားတွေကို အခုထိချစ်တုန်းပဲ။ ငယ်ငယ်က လူကြီးလာမှာမို့ လို ကျွန်တော်တို့ ခြံထဲ ကင်းလာစောင့်တဲ့ စစ်သားတွေဆို မုန်တွေသွားကျွေး ၊ အားကျစွာနဲ့  စကားတွေသွားပြောခဲ့ တာ။ အခုထို ချစ်တုန်းပဲ။ ဒါပေမယ့် စစ်တပ်ရဲ့ ဂုဏ်သိက္ခာ မရှိမှု ၊ လူချဉ်လာတာတွေ ကို လည်း လက်ခံပါတယ်။ ရှေ့ တန်းစစ်မျက်နှာမှာ မဟုတ်ပဲ၊ တိုင်းပြည်ရဲ့  အကြီးဆုံးမြို့ လယ်ခေါင်မှာ ဘာလက်နက်မှမကိုင်ထားတဲ့၊ ကျွန်တော်တို့ ကိုးကွယ်ရာဖြစ်တဲ့ ရဟန်းတော်တွေ၊ ဒုက္ခရောက်ပြီးသနားစရာကောင်းနေတဲ့ ကိုယ့်ပြည်သူတွေကို ရက်ရက်စက်စက် ပြန်ပြီးပစ်ခက်၊ ရိုက်နက်နေမှတော့ ဒီစစ်တပ်ကို ဘယ်လို အကောင်းပြောရမလဲ။ နောက်ပြီး သူတို့ ဟာ တခါတလေ မှားယွင်းတာမျိုးမဟုတ်ဘဲ အခါခါ ကျူးလွန်နေ ကြတာဖြစ်တယ်။ စစ်တပ်ထဲက ရှိရှိသမျှစစ်သားတိုင်း ဟာ ဒီလိုပဲလို့ လည်း ကျွန်တော်မှာ အစွန်းရောက်တာမျိုးလည်းမရှိဘူး။
သို့ သော်လည်း ၁၉၆၂ နောက်ပိုင်းသမိုင်းအရကော၊ လက်ရှိအနေအထားအရပါ စစ်တပ်ဟာ ပြည်သူ့ အတွက်မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။

စက်တင်ဘာလတုန်းက အထွေထွေ ၀န်ထမ်းသပိတ်ဆင်နွဲဖို့  တောင်းဆိုတာကို ရယ်စရာကြီးဖြစ်မနေဘူးလားတဲ့။ ၀န်ထမ်းတွေကို ရန်သူလို ဆက်ဆံခြင်းမှ ရပ်ပေးပါတဲ့။ တချိန်လုံး ၀န်ထမ်းတွေကို ရန်သူလို သဘောထားခဲ့တယ်လို့ လည်း ပြောသေးတယ်။ မှတ်ထားပါ။ ဘယ်ဝန်ထမ်းကို မှကျွန်တော်တို့ ရန်သူလို သဘောမထားခဲ့ဘူး။ နားလည်း သနားမှု့ တောင်ဖြစ်သေးတယ်။ မိဘလည်းဝန်ထမ်း။ ကိုယ့်ဘ၀ကိုယ် ကို အသိဆုံးပဲ။ ချွင်းချက်တော့ ရှိတယ်။ ပြည်ဖျက်အစိုးရကို အားပေးအားမြှောက်ပြု နေတဲ့ ဘယ်ဝန်ထမ်းမဆို သူတို့ ဘက်က ပြောင်းလည်းမှု့ မရှိခဲ့ရင် မိတ်ဆွေလို့ မသတ်မှတ်နိုင်ဘူး။ ပြောင်းလည်းမှု့ ရှိရင်ကြိုဆိုမယ်။ ဒါပြတ်ပြတ်သားသားပဲ။ ဒီလို ၀န်ထမ်းတွေဟာလည်း လူနည်းစု လက်တစ်ဆုပ်စာ ဆိုတာကိုလည်း နားလည်ပါ။

သတင်းဌာနတွေနဲ့ ပတ်သတ်ပြီး ဇော်မျိုးဟာ DBV BBC VOA RFA သတင်းဌာနအတော်များများကို မဟုတ်မမှန်သတင်း တွေလွှင်ပါတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးပြောတယ်။ မယုံပါနဲ့ လို့ လည်းပြောတယ်။ ရယ်စရာကောင်းတယ်။ သူက ကျွန်တော်တို့ တတွေဟာ အဲဒီ သတင်းဌာနတွေက လွှင့်တာတွေကို အကုန်လိုက်ယုံနေတယ်လို့ ထင်လားမသိဘူး။ အဲလို ထင်တယ်ဆိုရင်တော တော်တော်တုန်း တဲ့ကောင်လို့  ဆိုရမှာပဲ။ ဒါပေမယ့် အဲဒီဌာနတွေကလွှင်တဲ့ သတင်းက ပြည်ဖျက်အာဏာရှင်ရဲ့  မြန်မာ့အလင်း၊ ကြေးမုံ စတာတွေထက် ပိုပြီး အကျိုးရှိတဲ့ သတင်းတွေကို ထုတ်လွှင့်ပေးနေတယ်ဆိုတာတော့ အသေအချာပဲ။ မှန်တာတွေက ၉၀ % လောက်မှာရှိတယ်။ သတင်းလို့ ပြောလိုက်ရင် အချိန်ပေါ်မှုတည်ပြီး အမှားကင်းမကင်းရှိတယ်ဆိုတာကို နားလည်းထားရပါမယ်။ ဒါကိုနားလည်းထားရင် ဘုန်းကြီးတုဟုတ်မဟုတ်တို့ ၊ ဦးနှောက် ထွက်ကျတာဟုတ်မဟုတ်တို့  အဲလိုမျိုးတွေကို ကောင်းကောင်းနားလည်လာပါလိမ်မယ်။ နောက်ပြီး သတင်းတင်ပြသူတွေရဲ့  အခက်အခဲကို လည်း နားလည်းလက်ခံပေးရပါမယ်။ မြန်မာ့အလင်းတို့ ၊ ကြေမုံတို ကတော့ နိုင်ငံနဲ့ ပတ်သတ်လာရင် တချိန်လုံးလိမ်ညာနေကြတာပဲ။ နောက် သောက်သုံးမကျတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့  ရေမြောင်းရေစီးကောင်းအောင် ဘွက်ဆယ်တာကို ကြီးကျပ်ပေးတဲ့ကြောင်း အဲလိုနဲ့  စာရွက်ဖြုန်းနေတာပဲ။

အဲဒီနောက်ပိုင်း မိမိတာဝန်ဆိုပြီး ရေးတာကတော့ ခေါင်းစဉ်လေးတွေပဲဖတ်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ခေါင်းစဉ်အောက်က စာတွေကတော့ ရေးချင်ရာလျှောက်ရေးထားတာပဲဖြစ်တယ်။ ခေါင်းဆောင်သစ်ရှာဖို့ ဆိုတဲ့ ကိစ္စကလွဲရင် ကျန်တာတွေကို အချိန်ကုန်ခံပြီး ဆက်မပြောတော့ဘူး။

ဇော်မျိုး ဟာ မြန်မာဒီမိုကရေစီအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အရေးပါမှု ကို သိထားတယ်။ ဒါမှမဟုတ် သူ အထက်ကလူက သိထားတယ်။ ဒီတော့ သူရေးတဲ့ အခါ ဒေါ်စုကို လေးစားမှု့ ကျအောင် ရေးလေ့ရှိတယ်။ ခေါင်းဆောင်သစ်ရှာရမယ်လို့ အကြောင်းပြချက်ကောင်းကောင်းတွေရော၊ မဆိုင်တာတွေရော ပြပြီး ပြောလေ့ရှိတယ်။ လူထုခေါင်းဆောင်ဆိုတာ ငါလုပ်မယ်ဆိုပြီး တက်လုပ်လို့ ရတဲ့ နေရမဟုတ်ဘူးဆိုတာကို နားလည်ထားကြပါ။ အခုအခါမှာ တပ်ပေါင်းစုဟာ လိုအပ်ချက်ဖြစ်နေတယ်။ ဒါကို အကြောင်းပြပြီး တပ်ပေါင်းစုကို ဦးဆောင်ဖို့  ခေါင်းဆောင်သစ်ရှာခိုင်းနေတယ်။ ကြည့်လိုက်ရင်ဟုတ်သလိုရှိပေမယ့် တကယ်တော့ စည်းလုံးမှု ကို ပြိုကွဲအောင်လုပ်နေတာပဲ။ တပ်ပေါင်းစုဆိုတာ ရှိရမယ်။ တပ်ပေါင်းစုကိုဦးဆောင်ဖို့ လက်ရှိခေါင်းဆောင်တွေထဲက တစ်ယောက်လုပ်ရမယ်။ ဒါမှမဟုတ် လက်ရှိခေါင်းဆောင်တွေ စုစည်းထားတဲ့ အုပ်စုတစ်စုက ဦးဆောင်ရမယ်။ ခေါင်းဆောင်သစ်ဟာ လိုအပ်ရင်၊ ကျွန်တော်တို့ ထဲမှာ ရှိလည်းရှိမယ်ဆိုရင် ပေါ်လာပါလိမ်မယ်။ အဲဒါကို ရှာမယ်ဆိုရင်တော့ မဟုတ်တရုတ်ခေါင်းဆောင်၊ သောက်သုံးမကျတဲ့ ခေါင်းဆောင်တွေပဲ တွေ့ မှာပဲ။ ကျွန်တော်တို့ တစ်တွေဟာ လက်ရှိခေါင်းဆောင်တွေနောက်မှာ မားမားကြီးရှိနေဖို့ လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့ ။

ဒီစာကို ရေးရတာ ဇော်မျိုးတို့ အတွက်မဟုတ်ဘူး။ သူတို့ ဟာ နွားပလာတာကျွှေးဆိုသလိုပဲ။ ဒါပေမယ့် တချို့ က့ ဖတ်မိပြီး ဖတ်လို့ မဆိုးဘူး။ သူတင်ပြထားတာလည်း ဟုတ်တာပဲ ဆိုတာတွေဖြစ်လာတဲ့ အတွက်ပါ။

ဒေါင်းပျို (၂၅ ဒီဇင်ဘာ ၂၀၀၇)

Saturday, December 15, 2007

စက်တင်ဘာလကို ပြန်လည်အောင်းမေ့ခြင်း။

ဒါကို ဖတ်နေရင်းနဲ့  မျက်ရည်တွေ ပါးပေါ်စီးကျလာတယ်။ ၀ဲရုံတင်မဟုတ်တော့ဘူး။
ကျွန်တော်တို အလုပ်လုပ်ကြရအောင်ဗျာ။

(ကိုနစ်နေမန်းဆီမှာ ပြန်ကူးတင်ထားပါတယ်။)
အပိုင်း (၁)။

ကျွန်တော်တို့ ရှုံးလို့မဖြစ်ဘူးဗျာ..ကျွန်တော်တို့ရှုံးရင် ဒီ့ထက်ပိုပြီး အဖိခံရလိမ့်မယ်ဗျ...ဒီအခြေအနေရောက်ဖို့ အနှစ်နှစ်ဆယ်လောက် စောင့်ခဲ့ရတာ ..ရှုံးသာရှုံးခဲ့ရင် နောက်ထပ်အနှစ်နှစ်ဆယ်ထပ်စောင့်ရလိမ့်မယ်..အခုတောင်အထဲမှာ မင်းကိုနိုင်တို့ ဘယ်လောက်ခံနေရပြီလဲမသိဘူး... တုန်တုန်ရီရီ ကြေကြေကွဲကွဲပြောနေတဲ့ သူ့ကို ကျွန်တော်ဘာပြန်ပြော ရမှန်းမသိအောင်ဆို့နစ်နေတယ်....တကယ်တော့ သူလဲကျွန်တော့်ကို မသိသလို ကျွန်တော်လည်းသူ့ကိုမသိပါဘူး...ဒါပေမယ့် အရင်နေ့တွေက ဆန္ဒပြချီတက်ပွဲတွေမှာ မြင်တွေ့ခဲ့ကြဖူးပါတယ်။

အခု သူရောကျွန်တော်ပါ လုံထိန်းတွေရဲ့ ရွှေဘုံသာလမ်းနဲ့ သိမ်ကြီးဈေး အကြား ဖရေဇာလမ်းပေါ်မှာ ဆန္ဒပြနေသူတွေကို တစ်လမ်းဝင် တစ်လမ်းထွက် ပိတ်ဆို့ဖမ်းဆီးမှုကနေ လွတ်မြောက် လာခဲ့ကြတာပါ..နောက်နေ့တွေ ..နောက်နေ့နောက်နေ့တွေ ဘာဆက်လုပ်ကြမလဲ..ဘယ်သူတွေကဆက်ဦးဆောင်မလဲ..နှစ်ယောက် သား ပလက်ဖေါင်းပေါ်မှာလေးလေးလံလံ လျှောက်နေရင်းနဲ့ မေးခွန်းတွေကြားမှာချောင်ပိတ်မိနေတယ်...


ကြည့်စမ်းပါဦး..ကမ္ဘာပေါ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံတဲ့ဗျာ...အရင်က ဆွမ်းခံကြွရင် သံဃာတော်ကအနည်းဆုံး အပါး ၃၀လောက်၊ ကိုရင်က ဆယ်ပါးလောက်ကြွနေုကျနေရာတွေမှာ အခုတော့ ကိုရင်ဆယ်ပါးလောက်နဲ့ သံဃာတော်ငါးပါးလောက်ပဲ ကြွတာတွေ့ရတော့ ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက်စိတ်တောင်မကောင်းဘူးဗျာ...ဘယ်လိုကပ် ဆိုးတွေရဲ့အောက်မှာ သံဃာတော်တွေကျ ရောက်ခဲ့တာလဲ....ကိုယ့်ဆွမ်းဒကာ၊ ဆွမ်းဒကာမအတွေအတွက် အစတေးခံသွားတဲ့သံဃာတော်တွေ ဘယ်နှပါးလောက်ရှိနေပြီလဲ...အခုဆိုရင် သံဃာတော်တွေကိုဆွမ်းလောင်းလှူဖို့ကိုတောင်မှ ဥပဒေပပြစ်မှုတစ်ခုလိုမ၀ံ့မရဲဖြစ်နေရတာတွေ...မင်းကွန်း ဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့အခွေ ကိုအသံအကျယ်ကြီးမဖွင့်ရဲတာတွေ...ဓမ္မာရုံမှာထောင်ထားတဲ့ သာသနာ့အလံကိုတောင် ရန်အရှာခံရတာတွေ..ကိုယ့်ဘာသာ ကိုယ့်သာသနာတော်ကြီးတစ်ခုလုံးကို အစော်ကားခံရတာတွေ...ဒါတွေအားလုံးကို ဘယ်သာသနာစောင့်နတ်တွေဆီ တိုင်တည်တိုင်တန်းလို့ရနိုင်မလဲဗျာ.....

....................

အပိုင်း (၂)။

လူတွေအားလုံးရဲ့ရင်ထဲမှာ ဇဝေဇ၀ါတွေဖြစ်နေကြပါတယ်။ပခုက္ကူကိစ္စကတကယ်ပဲလား၊ ၁၇ ရက်နေ့ ရောက်လို့မှ အစိုးရဘက်က ဘာမှမထူးခြားရင်သံဃာတော်တွေဘက်က ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒပြမယ်ဆိုတာကရော တကယ်လား။ ၁၇ ရက်နေ့အထိကို လူတွေရင်ထဲမှာ တအုံနွေးနွေးနဲ့ စိုးရိမ်နေ ကြပါတယ်။ လမ်းပေါ်မှာ သံဃာတော်တစ်ပါးတစ်လေ သူ့ကိစ္စနဲ့သူ ကြွသွားတာမြင်ရင်တောင်မှ လိုက်ကြည့်နေကြတဲ့အခြေအနေမျိုးပါ။ ဒီဇဝေဇ၀ါဖြစ်မှုတွေ ၊ စိုးရိမ်စိတ်တွေဟာ ၁၈ ရက်နေ့အရောက်မှာတော့ နေရောင်ကိုမြင်လိုက်ရတဲ့ နှင်းထုတွေလို အကုန်ကွယ်ပျောက်ခဲ့ရပါတယ်။ သံဃာတော်တွေ ငြိမ်းချမ်းစွာစီတန်းလှည့်လည်တဲ့သတင်းကို ၁၈ ရက်နေ့ညပိုင်းကျမှ ကျွန်တော်သိရတာ ပါ။ အင်တာနက်ပေါ်က စီတန်းလှည့်လည်နေတဲ့ သံဃာတော်တွေရဲ့ပုံတွေကိုကြည့်ပြီး ကြက်သီးဖျန်းဖျန်း ထမိပါရဲ့။

၁၉ ရက်နေ့မှာလည်းသံဃာတော်တွေ စီတန်းလှည့်လည်ကြတယ်။ ဒီအချိန်အထိ ကျွန်တော့်မှာ မျက်ဝါးထင်ထင်မြင်တွေ့ဖူးခြင်းမရှိသေးပါဘူး။ အဲဒီ့အတွက် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မိ ပါတယ်။ ဆူးလေဘုရားနဲ့ ကျွန်တော်ရှိတဲ့နေရာ မဝေးပေမယ့် သံဃာတော်တွေက ဆူးလေဘုရားလမ်းက နေကြွသွားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ဘာမှမသိလိုက်ရတာဖြစ်ပါတယ်။

၂၀ ရက်နေ့မှာတော့ ကျွန်တော့်ရဲ့ဆန္ဒတွေ ပြည့်ဝသွားပါတယ်။ အဲဒီ့နေ့တွေက မုန်တိုင်းရှိလို့ နေ့လည် ပိုင်းလောက်ဆိုရင်မိုးရွာပါပြီ။ ဒီနေ့မှာလည်းမိုးကထုံစံအတိုင်းတဖွဲဖွဲကျနေပါတယ်။ အချိန်က ၃နာရီဝန်းကျင်လောက်ရှိပါပြီ။ အဲဒီ့အချိန်မှာပဲ သံဃာတော်တွေ ဗိုလ်ချုပ်လမ်းပေါ်ကနေ ဆူးလေဘုရား လမ်းဘက်ကြွလာတာကို တွေ့ပါတယ်။ ပတ်ဝန်းကျင်တစ်လျှောက်မှာရှိတဲ့လူတွေလည်း၊ အံ့သြတဲ့မျက် လုံးတွေ၊ ၀မ်းသာတဲ့မျက်နှာတွေနဲ့ ရုတ်ရုတ်သဲသဲတွေဖြစ်လို့။ မိုးရေတွေရွှဲစိုနေတဲ့ သံဃာတော်တွေဟာ ဘာကိုမှဂရုမထားပဲ လက်အုပ်ချီလို့၊ မေတ္တာပို့ကိုသာသံပြိုင်ရွတ်ဖတ်လို့ ကြွနေကြပါတယ်။ သံဃာတော်တွေရဲ့နောက်မှာတော့ လူကဆယ်ဂဏန်းလောက်သာလိုက်လာပါတယ်။ အကြောက်တရားနဲ့ အုပ်စိုးခြင်းခံထားရတဲ့ပြည်သူတွေဟာ လောလောဆယ်မှာတော့ နောက်ကနေလိုက်ဖို့၊ လက်ခုပ်တီးပေးဖို့နေနေသာသာ လက်အုပ်ချီရှိခိုးဖို့ကိုတောင်မှ ခိုးကြောင်ခိုးဝှက်နဲ့ ရှိုခိုးနေရတာပါ။ကျွန်တော်ကတော့ သံဃာတော်တွေကိုကြည့်ရင်းမျက်ရည်လည်မိပါတယ်။(အခုစာရေးနေချိန်အထိလည်းပြန်တွေးပြီးမျက် ရည်လည်မိပါတယ်ဗျာ။) ရေစိုနေတဲ့သင်္ဃန်းအလေးကြီးတွေနဲ့ ရွှေတိဂုံဘုရားနေလျှောက်လာရတဲ့ခရီး၊ တစ်နပ်တည်းသာရှိတဲ့ဆွမ်းအာဟာရနဲ့အဆက်မပြတ်မေတ္တာပို့ရွတ်ဆိုနေတာ ၊ ဒါတွေဟာကျွန်တော်တို့ အတွက်မဟုတ်ဘူးလားဗျာ။

အပိုင်း (၃)။

၂၁ရက်နေ့လောက်ကစလို့ သံဃာတော်များရဲ့ လမ်းလျှောက်မေတ္တာပို့ပွဲတွေဟာ တဖြည်းဖြည်းအရှိန်ရလာပါပြီ။ ပြည်သူတွေလဲတစ်နေ့ထက်တစ်နေ့အင်အားပိုများလာပါတယ်။ ကျွန်တော် လဲ ဒီရက်ပိုင်းတွေကစလို့ ဗိုလ်ချုပ်လမ်းပေါ်မှာ သံဃာတော်တွေကြွလာသံကိုနားစွင့်နေပြီး သံဃာတော်တွေကြွလာပြီဟေ့ဆိုတာနဲ့ မြို့တော်ခမ်းမရှေ့ရောက်တဲ့အထိ အနောက်ကနေလိုက်အားပေးဖြစ်ပါတယ်။ သံဃာတော်တွေရဲ့ ဦးဆောင်မှုကို ပြည်သူလူထုကြီးက သဘောပေါက်လာပါပြီ။

အနုပညာ နဲ့ စာပေသမား တချို့ရဲ့ တပ်လှန့်နှိုးဆော်သံကလဲ ပြည်သူလူထုကြီးကိုပိုပြီး အာရုံစိုက်မိစေပါတယ်။ သံဃာတော်တွေရဲ့အနောက်ကလိုက်ရုံတင်မဟုတ်တော့ပါဘူး။ သံဃာတော်တွေရဲ့ဘေးကနေ လက်ချင်းကာရံချိတ်ပေးထားတဲ့အထိ နိုးကြားတက်ကြွလာပါပြီ။ လက်ချင်းချိတ်ပြီးလိုက်ပါနေတဲ့ လူထုဟာဆိုရင်လဲ ပုံစံအမျိုးမျိုးနဲ့ပါ။ ကွာတားဘောင်းဘီနဲ့ ဆံပင်အနီနဲ့ နားပေါက်နဲ့ လူငယ်တွေပါသလို၊ပုဆိုးနဲ့ ရှပ်အင်္ကျီဝတ်ထားတဲ့လူငယ်တွေလဲပါပါတယ်။ ထို့အတူပဲ မိန်းကလေးတွေနဲ့အဒေါ်ကြီးတွေ လည်းပါပါတယ်။

အသွင်အပြင်တွေ၊ ပုံသဏ္ဍာန်တွေ အမျိုးမျိုးကွဲနေပေမယ့် သူတို့ရဲ့ ရင်ထဲမှာတော့ တစ်ခုပဲရှိမှာပါ။ တိုက်ပွဲရဲ့အရှိန်ကတဖြည်းဖြည်းမြင့်လာပါပြီ။ ဒီအချိန်မှာပဲ သံဃာတော်တွေက ၂၃ ရက်နေ့အထိမှတွေ့ဆုံဆွေးနွေးရေးတွေမဖြစ်မြောက်ဘူးဆိုရ င် ၂၄ ရက်နေ့မှာ တပြည်လုံးမှာ လူထု နဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့ချီတက်ပွဲတွေ လုပ်မယ်လို့ တိုက်ပွဲအရှိန်ကိုတစ်ဆင့်ထပ်မြှင့်လိုက်ပါတယ်။

ဒီတိုက်ပွဲခေါ်သံက လူတိုင်းရဲ့ ရင်ကိုပဲ့တင်ရိုက်ခတ်လို့ ညံသွားစေပါတယ်။ ညဘက်ဆိုရင် တကြွီကြွီ၊တဂွီဂွီနဲ့ နိုင်ငံခြားအသံလွှင့်ဋ္ဌာနတွေရဲ့ မြန်မာပိုင်းအစီအစဉ်ကို ဖမ်းယူနားဆင်နေကြသံကို နေရာတိုင်းလိုလိုမှာကြားလာရပါတယ်။ စလောင်းကလွှင့်တဲ့ ဒီဗီဘီ ရုပ်သံမှာလည်း သံဃာတော်တွေချီတက်နေတဲ့ ဓါတ်ပုံတွေကို လွှင့်ပေးနေပါတယ်။

လှုပ်ရှားမှုအရှိန်အဟုန်ကို တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ ငြိမ်းချမ်းစွာရပ်တန့်ဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် တခြားနည်းလမ်းသုံးမလား ။ တကယ်လို့ တခြားနည်းလမ်းသုံးခဲ့မယ်ဆိုရင် ဘယ်လိုနည်းလမ်းလဲ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျည်ဆံသုံးမှာလား ၊ မသုံးဘူးလား။ ဘယ်သူမှမခန့်မှန်းနိုင်သေးတဲ့ကာလပါ။ လူတွေအားလုံး ဟာ ၂၃ရက်နေ့ ည ၈နာရီသတင်းကို ရင်ခုန် စွာစောင့်ကြည့်နေပါတယ်။

...........................

၂၄ ရက်နေ့ရဲ့ မိုးကောင်းကင်ကတော့ အရင်နေ့တွေတုန်းကလိုပါပဲ။ဒါပေမယ့်လမ်းပေါ်မှာ တော့ အရင်နေ့တွေကလို မဟုတ်ပဲ ခြောက်ကပ်ကပ်နိုင်နေပါတယ်။ အခါတိုင်းနေ့တွေကတော့ ၁၂နာရီ ခွဲ ၁နာရီလောက်ကျမှ ရွှေတိဂုံဘုရားကနေ သံဃာတော်တွေ စချီတက်နေကျပါ။ အဲဒါကြောင့်ကျွန်တော်လည်း သံဃာတော်တွေဆွမ်းကပ်ချိန်လောက်အရောက်သွားရမယ်ဆိုပြီး အိမ်ကနေ ၁၀နာရီခွဲလောက်မှာ ထွက်ခဲ့ပါတယ်။ ၁၁ နာရီကျော်လောက်ဘုရားပေါ်ရောက်တဲ့ အချိန်ကျတော့ အရပ်ဝတ်နဲ့ထောက်လှမ်းရေးတွေကို တန်ဆောင်းတွေထဲမှာတွေ့ရပါတယ်။ အရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်းကြီးဘုရားကိုသွားဖို့ ဆင်းလာတာ လမ်းတစ်ဝက်လောက်ရောက်ချိန်မှာတော့ ဟိန်းဟိန်းညံနေတဲ့ ကြွေးကြော်သံတွေနဲ့ တဖြောင်းဖြောင်းတီးခတ်နေတဲ့ လက်ခုပ်သံတွေကိုစကြားရပါတော့တယ်။တပ်ဦးထိပ်မှာတလူလူလွင့်နေတဲ့ သာသနာ့အလံတွေနဲ့အတူ သံဃာတော်တွေ ရွှေတိဂုံဘုရားပေါ်တက်လာကြပါပြီ။ ၀မ်းမြောက်ပီတိဖြစ်တဲ့စိတ်၊ တက်ကြွဆူဝေလာတဲ့သွေးတွေနဲ့အတူ လက်အုပ်ချီကန်တော့လိုက် ၊ လက်ခုပ်တီးအားပေးလိုက်နဲ့ တစ်ယောက်ထဲအလုပ်ကိုရှုပ်နေတာပါပဲ။

သံဃာတော်တွေကျော်ဖြတ်သွားပြီးချိန်မှာတော့ အနောက်ကလိုက်ပါလာတဲ့လူပရိတ် သတ်တွေထဲ ၀င်ပူးပေါင်းပြီးဘုရားပေါ်ပြန်တက်ခဲ့ပါတယ်။ လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်းကမ္ဘာလွှမ်း အေးချမ်းကြပါစေဆိုတဲ့ သံပြိုင်ကြွေးကြော်သံတွေဟာ ကြားရသူအပေါင်းကို ကြက်သီးဖျန်းဖျန်းထမတတ်ပါပဲ။ အောင်မြေရှေ့ရောက်ချိန်မှာတော့ သံဃာတော်တွေက အရှေ့ဆုံးမှာ စီတန်းပြီး အနောက်မှာ မယ်သီလရှင်တွေ ၊ နောက် လူပရိတ်သတ်တွေဟာ ညီညီညာညာစီတန်းပြီး ထိုင်လိုက်ပါတယ်။ အောင်မြေတစ်ခုလုံးလည်းပြည့်ကျပ်နေပါပြီ။ ဦးဆောင်ဆရာတော်တွေ ညှိနှိုင်းတိုင်ပင်လို့အပြီးမှာတော့ အားလုံးဟာ နမောဿတ အစချီလို့ ဘုရားရှိခိုးကြပါတယ်။

ဒီ့နောက် ဆရာတော်တစ်ပါးက ]ဦးဇင်းတို့ ဒီနေ့ မြေနီကုန်း၊ အဲဒီ့ကနေလှည်းတန်း နောက်တံတားဖြူဘက်က နေကမ္ဘာအေးဘုရားကိုချီတက်မယ်လို့ ကြော်ငြာလိုက်ချိန်မှာတော့ လူအပေါင်းက သောင်းသောင်းဖျဖျ
လက်ခုပ်တီးကြပါတယ်။

ချီတက်ပွဲစပါပြီ။ ရင်ပြင်တော်ပေါ်မှာတင်ပဲ သုံးဦးစီတွဲပြီး စီတန်းလိုက်ကြပါတယ်။ကျွန် တော်အပါအ၀င် တခြားလူကြီးလူငယ်တွေကလည်း သံဃာတော်တွေရဲ့ဘေးမှာ လက်ချင်းချိတ်ကာရံလို့ လိုက်ပါလာကြပါတယ်။ ဒါဟာ သတင်းစာတွေထဲမှာပုတ်ခတ်ထားသလိုအတွင်းကလူတွေအပြင်ပြန် ထွက် လို့မရအောင် ၀န်းရံပိတ်ဆို့ထားတာမဟုတ်ပါဘူး။ အပြင်က အန္တရာယ်တွေအတွင်းကိုဝင်မလာနိုင် အောင် ကာရံပေးထားခြင်းသာဖြစ်ပါတယ်။ဘာပဲပြောပြော ရှေ့ဘက်မုခ်ဆီမှ ချီတက်လာခဲ့ကြတဲ့ သံဃာတော်များနဲ့ ပြည်သူအပေါင်းတို့ဟာကမ္ဘာအေးဘုရားဆီချီတက်ဖို့အတွက်အရှေ့ဘက်မုခ်ကနေ ပြန်ဆင်းလို့လာခဲ့ပါပြီ။ တနည်းပြောရရင် မြန်မာပြည်သူတွေအိပ်မက်သစ် မက်နိုင်ဖို့အတွက် မနက်ဖြန်ရဲ့တံခါးတွေကိုရိုက်ချိုးဖို့ ရဲရဲဝင့်ဝင့်ချီတက်လာခဲ့ကြပါပြီခင်ဗျား။

......................

အပိုင်း (၄)။

ကျွန်တော်တို့တွေလည်း အရှေ့ဘက်မုခ်ကနေ တည့်တည့်ဆင်းလာကြပြီး ဗဟန်းဈေးအရောက်မှာ ဘယ်
ဘက်ကိုချိုးကွေ့လို့ ရေတာရှည်လမ်းဟောင်းအတိုင်းချီတက်လာကြပါတယ်။ လမ်းဘေးဝဲယာမှာရှိကြတဲ့ ပြည်သူလူထုတော်တော်များများကလည်း လက်ခုပ်တွေတီးပြီးအားပေးကြတာသောင်းသောင်းဖျဖျပါပဲ။
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျမပါဝင်နိုင်ပေမယ့် လက်ခုပ်တီးပြီးအားပေးဖေါ်ရတာကို
ကျွန်တော်တို့ရင်မှာ အတိုင်းမသိဝမ်းမြောက်ကြည်နူးရပါတယ်။ ခြောက်လုံးလှန့်လုံးတွေကြောင့် တီးရတာ
မဟုတ်တဲ့ ၊ ဘာပယောဂမှမပါဝင်တဲ့ လက်ခုပ်သံစစ်စစ်ဆိုတာကို အဲဒီ့အချိန်ကတီးခဲ့တဲ့လူတွေအကုန်လုံး
သိမှာပါ။

ရေတာရှည်လမ်းဟောင်းကနေထွက်လိုက်တဲ့အခါမှာတော့ရွှေဂုံတိုင်လမ်းမကြီးေ ပ်ါရောက်သွားပါတယ်။ အရှေ့ဆုံးမှာရှိတဲ့ဦးဆောင်သံဃာတော်များဟာ အဖွဲ့ချုပ်ရုံးရှေ့မှာ ရပ်လို့ မေတ္တာပို့ ပေးပါတယ်။ မေတ္တာပို့ပြီးလို့ သံဃာတော်တွေကျော်ဖြတ်သွားတဲ့အခါမှာတော့ အဖွဲ့ချုပ်ရုံးရှေ့မှာရှိတဲ့ ပုဂ္ဂိုလ်များဟာ ရွေးချယ်ခံကိုယ်စားလှယ်များဆိုတဲ့ နဖူးစည်းနဲ့ အဖွဲ့ချုပ်ရဲ့အလံတွေကို ကိုင်စွဲပြီး ၀င်ရောက် ပူးပေါင်းပါဝင်လာကြပါတယ်။ သံဃာ၊ ကျောင်းသား ၊ လူထုနဲ့ နိုင်ငံရေးပါတီဝင်များပါဝင်တဲ့ ဆန္ဒပြအစု အဝေးကြီးဟာ အားရစရာကောင်းလောက်အောင်ကို ကြီးထွားလာခဲ့ပါပြီ။
မြေနီကုန်းဘက်ကိုတရွေ့ရွေ့ရောက်ရှိလာတဲ့အချိန်မှာတော့  ဘယ်မှာ အစ၊ ဘယ်မှာအဆုံးဆိုတာကို
လှမ်းမျှော်ကြည့်လို့မမြင်နိုင်တော့ပါဘူး။ခရီးရှည်လာတာနဲ့အမျှလူပရိတ်သတ်အပေါင်းကိုလည်းပုံစံအမျိုး မျိုးနဲ့ တွေ့လာရပါတယ်။ သံဃာတော်တွေကြွလာတာကိုမြင်တွေ့ရလို့ကိုယ်ပိုင်ကားကို ရပ်ပြီး ကားထဲက ဆင်းကန်တော့တဲ့လူတွေကိုတွေ့ရသလို၊ သင်တန်း ဒါမှမဟုတ် ကျောင်းကနေကြုံကြိုက်လို့လိုက်လံအားပေး နေသူတွေကိုလည်းတွေ့ရပါတယ်။ ထို့အတူပါပဲ လှိုက်လှိုက်လှဲလှဲလက်ခုပ်တီးအားပေးတဲ့ အမျိုးသမီးတွေ
ကို တွေ့ရသလို၊ မတုန်မလှုပ်ရပ်နေကြတဲ့ အမျိုးသားတွေကိုလည်းတွေ့ရပါတယ်။ လူအမျိုးမျိုးစိတ်အထွေ
ထွေပါပဲ။

ကိုးထပ်ကြီးဘုရားရှေ့မှာလည်း သံဃာတော်တွေဆုတောင်းမေတ္တာပို့ကြပါသေးတယ်။ လိုက်ပါလာတဲ့ သံဃာနဲ့ လူဦးရေတွေအရမ်းများလာတဲ့အတွက် သုံးဦးစီကနေ ငါးဦးတစ်တွဲစီတွဲလို့စီတန်းပေမယ့်လည်း ရှည်လျားနေဆဲပါပဲ။ သံဃာတော်တွေဟာ ဗားကရာလမ်းအတိုင်းတည့်တည့်သွားလို့ ကမ်းနားလမ်းအရောက်မှာတော့ ညာဘက်ကိုချိုးလို့ လှည်းတန်းဘက်ဆီဆက်လက်ချီတက်နေပါတယ်။

အားလုံးဟာစည်းကမ်းရှိရှိနဲ့စနစ်တကျချီတက်နေတာပါ။ ဖိနပ်ပေါက်သူတွေကို ပလာစတာ ၊ မူးမော်သူတွေကို ဆေးဂွမ်းလိပ်၊ ညောင်းညာကိုက်ခဲလာသူတွေအတွက် ပရုပ်ဆီ စသဖြင့် လိုလေသေးမရှိရအောင် ဆေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် စေတနာရှင်တွေကလည်း သောက်ရေသန့်၊ သကြားလုံး၊ ဆေးလိပ်နဲ့ ကွမ်းယာပါမကျန်ရအောင် လိုက်လံဝေငှပေးနေပါတယ်။

ကမ်းနားလမ်းမတစ်လျှောက်လုံးလည်း ပြည့်ကျပ်နေပါပြီ။ အဝေးပြေးကုန်းဆင်းနားက ရဲစခန်းရှေ့ မှာလည်းသံဃာတော်တွေရပ်ပြီး မေတ္တာပို့ပေးကြပါသေးတယ်။ ရဲစခန်းကြီးကတော့ ၀င်းတံခါးတွေပိတ်လို့ တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်ပါပဲ။ လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
စွမ်းကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ}} အရှေ့အရပ်၌ရှိသော အနန္တစင်္ကြာဝဋ္ဌာ အနန္တသတ္တ၀ါတို့ ....... တစ်လမ်းလုံးတောက်လျှောက်ရွတ်ဆိုလာရလို့အားပျော့နေတဲ့အ သံများဟာ ရဲစခန်းရှေ့အရောက်မှာတော့ ဟိန်းညံပြီးထွက်ပေါ်လာပါတယ်။

လှည်းတန်းလမ်းဆုံကိုရောက်တော့ ပြည်လမ်းမပေါ်ကို ချိုးကွေ့လိုက်ကြပါတယ်။ ကျွန်တော်တို့ရဲ့
မေတ္တာပို့သံတွေကိုကြားရတဲ့အခါ ရန်ကုန်တက္ကသိုလ်ထဲမှာ စာမေးပွဲဖြေနေကြတဲ့ ကျောင်းသူ၊ကျောင်းသား
တွေဟာ စာမေးပွဲဆက်မဖြေကြတော့ပဲ ကျောင်းထဲကထွက်ပြီး လိုက်လာကြပါတယ်။ သံဃာတော်တွေဟာ
အင်းလျားကန်ရှေ့ တံတားဖြူကိုရောက်တဲ့အခါမှာတော့ ၈၈ တုန်းက ဒီတံတားဖြူမှာကျဆုံးသွားကြတဲ့ ကျောင်းသူကျောင်းသားတွေကိုရည်စူးအာရုံပြုလို့မေတ္တာပို့ပေးပါတယ်။ အားလုံးရဲ့ ရင်ဘတ်ထဲမှာတော့ မိုးကောင်းကင်နဲ့အပြိုင် မှိုင်းညှို့လို့ပေါ့။

တံတားဖြူကနေ ရှစ်မိုင်ဘက်ကိုဆက်လက်ချီတက်လာချိန်မှာ မိုးကတဖွဲဖွဲကျနေပါတယ်။ အနှောက်အယှက်မရှိ ချီတက်နိုင်တာကြောင့်ရော ၊ လိုက်ပါအားပေးသူ အရမ်းများပြားလွန်းတာကြောင့်ပါ ( ခန့်မှန်းခြေ တစ်သိန်းခွဲ၊ နှစ်သိန်းလောက်တော့ ရှိမှာပေါ့။ ) အားလုံးဟာပျော်ရွှင်နေကြပါတယ်။ ဒီလောက်လူအင်အားနဲ့ ဒီလိုညီညွတ်မှုမျိုးဟာ ၈၈ နောက်ပိုင်းမှာ ဒါပထမဆုံးအကြိမ်ပါပဲ။ ရှစ်မိုင်လမ်းဆုံရောက်တော့ ကမ္ဘာအေးဘုရားဘက်ကိုချိုးကွေ့လို့ ဆက်လက်ချီတက်ကြပါတယ်။ မှတ်မှတ်ရရပြောရရင် တစ်လမ်းလုံးတောက်လျှောက်လက်ချင်းချိတ်လာတဲ့အတွက် လက်မောင်းတွေ နာနေပါ ပြီ။ ဒူးဆစ်တွေလဲ ကိုက်နေပါပြီ။ နောက်ဆုံး ဘေးကနေ လိုက်လာတဲ့လူတွေအရမ်းများတာကြောင့် လက် ချင်းချိတ်ထားတာတွေကိုလဲ ဖြုတ်လိုက်ကြပါတယ်။ မေတ္တာပို့လိုက်၊ လက်ခုပ်တီးလိုက် ၊ ကိုယ့်ဘေးနားက လူနဲ့ စကားပြောလိုက် နဲ့ ချီတက်လာကြတာ ကမ္ဘာအေးဘုရားကိုရောက်လာပါတယ်။ဘုရားကိုရောက်တော့ သံဃာတော်တွေက ဘုရားပေါ်တက်သွားကြပြီး လူတွေက ဘုရားခြေရင်းမှာ အသီးသီးစောင့်နေကြပါတယ်။ လမ်းမကြီးဘေးက ဆိုင်တွေလည်း ရေသန့်ဘူးတွေလက်မလည်အောင် ရောင်းရတာ ပစ္စည်းပြတ်သွားတဲ့ အထိပါပဲ။ အချိန်ကတော့ ညနေ ငါးနာရီခွဲလောက်ရှိပါပြီ။ တော်တော်ကြာတော့မှ ဆန္ဒပြပွဲကို ဒီနေရာမှာ ပဲအဆုံးသတ်လိုက်တယ်ဆိုတဲ့အကြောင်းနဲ့ မနက်ဖြန်ကို ရွှေတိဂုံဘုရားမှာပဲဆုံကြမယ်ဆိုတဲ့အကြောင်း ကြေ ငြာသံကို ကြားလိုက်ရပါတယ်။ လမ်းဘေးပလက်ဖောင်းတွေမှာ အဆင်ပြေသလိုထိုင်နေကြတဲ့လူထုကြီးဟာ အဲဒီတော့မှ ကျေနပ်အားရစွာ အသီးသီးလူစုခွဲလိုက်ကြပါတော့တယ်။

အပိုင်း (၅။

၂၅ ရက်နေ့မှတော့ ဘုရားပေါ် ကျွန်တော်မသွားဖြစ်ပါဘူး။ ဒါပေမယ့် ဘယ်အချိန်ဆူးလေကို ရောက်လာမလဲလို့ နားစွင့်နေခဲ့ပါတယ်။ ထုံးစံအတိုင်းပါပဲ ။ နေ့လည် ၂နာရီကျော်လောက်မှာ ဆူးလေကို ရောက်လာပြီဆိုတဲ့အသံကြားတာကြောင့် ချက်ချင်းလိုက်သွားလိုက်ပါတယ်။ ဆူးလေကိုရောက်တော့ လူစု လူဝေးကြီးကတိုးမပေါက်အောင်ပါပဲ။ အားလုံးဟာ ငြိမ်သက်စွာထိုင်လို့ သံဃာတော်တွေရဲ့ မိန့်ခွန်းတွေကို နားစိုက်ထောင်နေကြပါတယ်။ ဒါပေမယ့် လူအရမ်းများတာကြောင့် သဲသဲကွဲကွဲမကြားရပါဘူး။ သံဃာတော် အချို့နဲ့လူအချို့စကားပြောအပြီးမှာ ဆက်လက်ချီတက်ဖို့ပြင်ဆင်ကြပါတယ်။ အဲဒီ့မှာ မမြင်တွေ့ရတာ အတော်ကြာပြီဖြစ်တဲ့ ခွပ်ဒေါင်းအလံကို ပြန်တွေ့လိုက်ရပါတယ်။ ဟုတ်ပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဆိုတဲ့နဖူးစည်းနဲ့အတူ ]]ဗကသ}} ပြန်လည်မွေးဖွားလာခြင်းပါပဲ။

၁၉၃၆ ခုနှစ်က ( အမှတ်မှားရင်ပြင်ပေးကြပါ။) ဖြစ်ပွားခဲ့တဲ့ကျောင်းသားသပိတ်ကြီးနဲ့အတူ မွေးဖွားလာ ခဲ့တဲ့ ]]ဗ.က.သ}} ဟာ မီးပုံအတွင်းကနေ ပြန်လည်ရှင်သန်ထမြောက်လာတဲ့ ဖီးနစ်ငှက်လိုပါပဲ။ အခုလည်း မုန်တိုင်းကြားကနေ တဖန်ပြန်လည်မွေးဖွားလာခဲ့ပါပြီ။ ပတ်ဝန်းကျင်တစ်လျှောက်မှာရှိတဲ့ လူတွေကလည်း ကျောင်းသားတွေကို လက်ခုပ်တီးပြီးအားပေးကြပါတယ်။

မြို့တော်ခမ်းမရှေ့ကနေထွက်ခွာချိန်မှာ ကျွန်တော်လည်း သံဃာတော်တွေရဲ့ဘေးကနေ လက်ချင်းချိတ်ပြီး လိုက်ပါခဲ့ပါတယ်။ မဟာဗန္ဓုလလမ်း အတိုင်းချီတက်လာကြတာပါ။ လမ်းဘေးမှာရပ်ကြည့်ရင်း လက်ခုပ်တီးအားပေးတဲ့လူတွေ၊ တိုက်ခန်းဝရံတာတွေပေါ်ကနေ လက်ခုပ်တီးအားပေးနေတဲ့လူတွေ၊ ရပ်ကြည့် နေရာက စိတ်ဓါတ်တွေတက်ကြွလာပြီး ၀င်ရောက်လိုက်ပါလာတဲ့လူတွေ ။ မြင်ကွင်းတစ်ခုလုံးဟာ အပေါင်း လက္ခဏာတွေချည်းပါပဲ။ သိမ်ဖြူလမ်းကိုရောက်တော့ ဘယ်ဘက်ကိုချိုးပြီး သိမ်ဖြူလမ်းတောက်လျှောက် ဆက်လက်ချီတက်လာခဲ့ပါတယ်။ သာသနာ့အလံတွေ၊ ခွပ်ဒေါင်းအလံတွေ၊ ကြွေးကြော်သံတွေနဲ့ မြိုင်မြိုင် ဆိုင်ဆိုင်ကြီးချီတက်လာကြတာ သိမ်ဖြူကုန်းတံတားကိုကျော်လာချိန်မှာတော့ ကျွန်တော့်ဒူးတွေဟာ မနေ့က အရှိန်နဲ့ ပေါင်းပြီး အနှုတ်လက္ခဏာပြလာတာကြောင့် ဆက်မလိုက်နိုင်တော့ပဲ နေခဲ့ရပါတယ်။ တရွေ့ရွေ့ဝေးကွာသွားတဲ့ ရဲဘော်အပေါင်းကိုငေးရင်း အရေးတော်ပုံကြီးအတွက် ကျေနပ်အားရတဲ့ပီတိနဲ့ ဆက်မလိုက်နိုင်တော့လို့ ခံစားရတဲ့ဝမ်းနည်းမှု နှစ်ခုပေါင်းပြီး အီလည်လည်ကြီး ဖြစ်ရပါတယ်ဗျာ။

......................

စက်တင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ဟာ ပြက္ကဒိန်ပေါ်မှာတော့တော်သလင်းလပြည့်နေ့ဖြစ်ပေမယ့် သံဃာတော်တွေနဲ့ပြည်သူတွေ အတွက်ကတော့ မှောင်လွန်းသောနေ့များလို့ သတ်မှတ်ရမလိုပါပဲ။ ၁၂ နာရီဝန်းကျင်လောက်မှာ ဆူးလေဘက်ဆီက တဖေါင်းဖေါင်းနဲ့ ဆက်တိုက်ပစ်ခတ်သံတွေကြားရလို့ မြို့ထဲဝန်းကျင်ကလူတွေအားလုံး အထိတ်တလန့်ဖြစ်သွားကြပါတယ်။ စစ်တပ်ကတော့ ဗုဒ္ဓဘာသာဝင်တို့ ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ စတင်ပစ်ခတ်ပြလိုက်ပါပြီ။ အနော်ရထာလမ်းမတစ်လျှောက်မှာ လူတွေဟာ ရုတ်ရုတ် ရုတ်ရုတ်နဲ့ အခြေအနေကို အကဲခတ်နေကြပါတယ်။ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းဒေါင့် တစ်ဖက်တစ်ချက်မှာတော့ လူစုလူဝေးကြီးက ]]ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး}} လို့ သံပြိုင်ကြွေးကြော်နေကြပါတယ်။ ဦးထုပ်အနီဆောင်းထားတဲ့ လုံထိန်းတွေဟာ သံတမန်ကုန်တိုက်ရှေ့ လောက်မှာ ဆူးလေဘုရားကိုကျောပေးပြီး ရင်ဘောင်တန်း ရပ်နေပါတယ်။ သူတို့နဲ့မျက်နှာချင်းဆိုင် ဆူးလေကုန်းတံတားအောက်မှာတော့ ဆန္ဒပြသူတွေကထိုင်ပြီး ]]ကမ္ဘာမကြေ }}ဆိုနေကြပါတယ်။မေးကြော တွေ ထောင်နေအောင်ကို မာန်အပြည့်နဲ့ဆိုနေကြတာပါ။ ရှေ့ဆုံးမှာတော့ သံဃာတော်တစ်ပါးကသာသနာ့ အလံကိုကိုင်ပြီးမတ်မတ် ရပ်လျှက်။ ခဏနေတော့ ဘေးပရိသတ်ထဲကနေ အခြားသံဃာတစ်ပါးပါ ၀င်လာ ပါတယ်။

ဆန္ဒပြလူအင်အားကိုပိုများသွားစေတာကတော့ သမ္မတရုံကုန်းကနေ လူတွေချည်းပဲပါဝင်တဲ့ ဆန္ဒပြ အဖွဲ့တစ်ဖွဲ့ဆင်းချပြီးပူးပေါင်းလာတာပါပဲ။ အားလုံးဟာ ရွှေတိဂုံကနေ ချီတက်လာကြမယ့် သံဃာတော်တွေ ကိုစောင့်မျှော်နေကြတာပါ။ ဒါပေမယ့် နောက်မှသိရတာက ရွှေတိဂုံမှာလည်းအကြမ်းဖက်ဖြိုခွင်းတာကြောင့် သံဃာတော်အဖွဲ့တွေကွဲကုန်တယ်ဆိုတာပါပဲ။

ဆူးလေဘုရားလမ်းပေါ်မှာလည်းအခြေနေတွေကရှုပ်ထွေးနေပါတယ်။ ဒီအချိန်မှာ ဆူးလေဘုရားလမ်း အတိုင်း ဆူးလေဘုရားဘက်ဆီ စစ်ကားများဟာ အပြင်းမောင်းချလာပါတယ်။ မရှေးမနှောင်းပဲ ဗိုလ် ချုပ်လမ်းကနေ ဆူးလေဘုရားဆီ နောက်ထပ်စစ်ကားတွေ အပြင်းမောင်းလာသလိုသေနတ်သံတွေလဲဆက် တိုက်ထွက်လာတာကြောင့် ကျွန်တော်လည်း လမ်းသွယ်တစ်ခုထဲဝင်ပြေးခဲ့ပါတယ်။

အခြေအနေနည်းနည်းငြိမ်သွားတဲ့အချိန်မှာတော့ မယုံနိုင်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကို အနော်ရထာလမ်းပေါ်မှာတွေ့လိုက်ရပါတယ်။ သာသနာ့အလံတွေနဲ့ သံဃာတော်တွေ အပြင် ခွပ်ဒေါင်းအလံ တွေနဲ့ကျောင်းသားတွေအပါအ၀င် ဆန္ဒပြသူတွေချီတက်လာလို့ပါပဲ။ ကျွန်တော်လည်း ၀မ်းသာအားရနဲ့ သူတို့ ချီတက်ရာနောက်ကို လိုက်ခဲ့ပြန်ပါပြီ။ သိမ်ကြီးဈေးထောင့်က လူကူးကုန်းကျော်တံတားအောက်မှာ အားလုံးထိုင်နားကြပြီး သံဃာတော်တွေကအချင်းချင်း တိုင်ပင်ပါတယ်။ နောက်တော့ သံဃာတော်တွေဟာ
မေတ္တာသုတ်ကို ရွတ်ဖတ်ကြပါတယ်။ အားလုံးသောသံဃာတော်တွေဟာ အကြမ်းဖက်ဖြိုခွင်းမှုကိုခံလာရတာရော၊ ပင်ပန်းနွမ်းနယ်လာတာကြောင့်ပါမျက်နှာတွေညှိုးငယ်နေပါ တယ်။ သံဃာတော်တွေရွတ်ဆိုပြီးချိန်မှာ
ရှေ့ကိုဆက်လက်ချီတက်ကြပါတယ်။ ဘုန်းကြီးလမ်းအရောက်မှာ ညာဘက်ကိုချိုးလို့ ကားမှတ်တိုင်ရှေ့လမ်း ပေါ်မှာပဲ အားလုံးထိုင်ကြပြန်ပါတယ်။ အချိန်က ၃နာရီခွဲလောက်ရှိပါပြီ။

ဒီကနေ့ ကျုပ်တို့ အရှေ့ဘက်မုခ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲခြင်းကိုခံခဲ့ရတယ်။ စစ်တပ်က မျက်ရည်ယိုဗုံးတွေနဲ့ပစ်တယ်၊ နောက် ၀ါးရင်းတုတ်တွေနဲ့ ၀င်ရိုက်တယ်။ ဟောသည့်မှာ ကျုပ်ခေါင်းပေါ်မှာ သူတို့ရိုက်ထားတဲ့ ဒါဏ်ရာ။ ဘာပဲဖြစ်ဖြစ် သူတို့ကိုမကြောက်ဘူးဆိုတာပြရအောင်မနက်ဖြန် နေ့လည် ၁၂နာရီ ဘုရားမှာစုလို့မဖြစ်တော့တဲ့အတွက် ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနဲ့ရွှေဂုံတိုင် တစ်လျှောက် အရောက်လာခဲ့ကြပါ။ ဘယ်လိုလဲ လာကြမှာလား။ လာပါ့မယ်ဘုရာ့ ၊ လာကြ မှာလား၊ လာပါ့မယ်ဘုရာ့ ၊ လာကြမှာလား၊ လာပါ့မယ်ဘုရာ့ ။

သံဃာတော်တစ်ပါးက လက်တစ်ဖက်က လက်ကိုင်စပီကာကိုကိုင်၊ ကျန်လက်တစ်ဖက်ကခေါင်းက ဒါဏ်ရာကို ပြရင်း လူထုထဲဝင်လို့ တရားဟောနေတာပါ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါလျက် သံဃာ့သွေးတွေ စွန်းထင်းခဲ့ရလို့ဒေါသဖြစ်နေတဲ့လူအုပ်ကြီးရဲ့ပြန်ဖြေ သံဟာ မြေကြီးသိမ့်သိမ့်တုန်မတတ်ပါပဲ။ တရားဟော ပြီးသွားတော့ အချိန်လင့်နေပြီဖြစ်တာကြောင့် အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲလူစုခွဲလိုက်ကြပါ တယ်။

စက်တင်ဘာအရေးတော်ပုံအကြောင်းပြောရမယ်ဆိုရင် နှစ်ပိုင်းခွဲပြောရမယ်ထင်ပါတယ်။ တစ်ပိုင်းက သံဃာတော်များရဲ့ စတင်ဦးဆောင်မှုဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ကျောင်းသားလူငယ်များရဲ့ ဆက်လက် ဦးဆောင်မှုဖြစ်ပါတယ်။ သံဃာတော်တွေဟာ ဒီအရေးတော်ပုံဖြစ်မြောက်ရေးအတွက် စတင်လှုံ့ ဆော်စည်းရုံးခဲ့ပါတယ်။ အကြောက်တရားအားကြီးနေတဲ့လူထုကို လမ်းမတွေပွေက်လာရဲအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိက သံဃာတော်တွေအကောင်း ဆုံးဦးဆောင်ခဲ့တာပါ။ ၂၇ ရက်နေ့မှာတော့ သံဃာတော်အင်အားက ဆယ်ဂဏန်းလောက်ပဲရှိပြီး ကျောင်း သားအများစုက စတင်ဦးဆောင်ခဲ့ပါတယ် ။ ၂၈ နဲ့ ၂၉ ရက်တွေကိုတော့ ကျောင်းသားတွေချည်းပဲ ဦးဆောင်ခဲ့တာပါ။ ဒီခေတ်လူငယ်တွေဟာနိုင်ငံရေးစိတ်မ၀င်စားတော့ဘူးလို့ ထင်ထားသမျှကို ခြေဖျက်ပြ လိုက်ခြင်းပါပဲ။

၂၇ ရက်နေ့ နေ့လည် ၂နာရီခွဲ လောက်မှာ သံဃာတော်ဆယ်ပါးလောက်နဲ့ ကိုရင်တွေအပါအ၀င် ကျောင်းသားတွေဦးဆောင်လာတဲ့အဖွဲ့ဟာ ဗိုလ်ချုပ်လမ်း ၊ ထိုမှတဆင့် လမ်းမတော်လမ်းအတိုင်းချိုးကွေ့ပြီး မဟာဗန္ဓုလလမ်း ကိုဆင်းချလာပါတယ်။ မဟာဗန္ဓုလလမ်းကိုရောက်တော့ ဆူးလေဘက်ကိုချိုးကွေ့ လိုက်ပါတယ်။ တဖြည်းဖြည်းနဲ့လူဦးရေလည်းများပြားလာပါပြီ။

လသာလမ်းထိပ်ကိုဖြတ်တော့ လမ်းထဲကရဲစခန်းရှေ့ လမ်းမပေါ်မှာ လုံထိန်းတွေရင်ဘောင် တန်းပြီးရပ်နေတာတွေ့ပါတယ်။ ရွှေတိဂုံဘုရားလမ်းကိုရောက်တော့ကမ်းနားလမ်းဘက်ကိုချိုးကွေ့လိုက်ပေ မယ့် ဆက်မချီတက်ဖြစ်သေးပါဘူး။ အနော်ရထာလမ်းပေါ်မှာရှိတဲ့တခြားကျောင်းသားအဖွဲ့တစ်ဖွဲ့ နဲ့ပူးပေါင်း ဖို့အပေါ်ဘက်ကိုချီတက်ကြမလား၊ အောက်ဘက်ကိုဆက်ဆင်းပြီး ကမ်းနားလမ်းအတိုင်းချီတက်ကြမလားဆို တာကို ညှိနှိုင်းကြပြီး နောက်ဆုံး အပေါ်ဘက်ကိုပြန်လှည့်တက်လာကြပါတယ်။

အနော်ရထာလမ်းပေါ်က သိမ်ကြီးဈေးကုန်းတံတားအောက်ကိုရောက်တော့ သံဃာတော်များပြန် ကြွရတော့မှာဖြစ်လို့ လူစုခွဲကြမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကျောင်းသားတွေနဲ့ လူထုအများစုက လူစုမခွဲချင်ကြပါဘူး။ ဒါနဲ့ပဲ သံဃာတော်များကို အငှားကားစီစဉ်ပေးလိုက်ပြီး ကျောင်းသားများနဲ့လူထုက တော့ အနော်ရထာလမ်းအတိုင်း ကျုံးကြီးဘက်ကို ဦးတည်ကာချီတက်လာခဲ့ကြပါတယ်။ဖိနှိပ်ဖြိုခွဲမှုများ ကြားကနေ ဒီလိုချီတက်လာတာကိုတွေ့ရတဲ့အတွက် ပြည်သူလူထုအပေါင်းကလဲသောင်းသောင်းဖျဖျပါပဲ။

ကမ္ဘာမကြေ သီဆိုသံတွေ၊ လက်ခုပ်သံတွေဆိုတာလည်း အဆက်မပြတ်ပါပဲ။ ကျုံးကြီးထိပ်ကိုရောက်တော့ ကမ်းနားလမ်းမအတိုင်းအဝေးပြေးဘက်ကိုဦးတည်လိုက်ကြပါတယ်။ရှေ့ဆုံးကကျောင်းသားလေးတွေဦးဆောင်တဲ့အတိုင်းချီတက်ေ နကြတာပါ။ ချီတက်နေကြတဲ့လူတွေထဲမှာ ယောကျာင်္း၊ မိန်းမအရွယ်အစားအမျိုးမျိုးပါဝင်ပါတယ်။ အားလုံးဟာညီညီညွတ်ညွတ်နဲ့အေးအေးချမ်းချမ်းပါပဲ။

ကမ်းနားလမ်းပေါ်မှာရှိတဲ့ အစိုးရသစ်စက်ဝင်းတွေရှေ့ကဖြတ်တော့ သူတို့ရုံးလွှတ်ချိန်ရောက်နေပါပြီ။ ဒါပေမယ့် အထက်အထက်ကလူကြီးတွေ ငြိုငြင်မှာစိုးတဲ့အတွက် ၀န်ထမ်းတွေဟာရုံးပြင်မထွက်ရဲ၊ လက်ခုပ်မတီးရဲကြပဲ ရုံးတွေပေါ်ကနေ တိတ်တဆိတ်အားပေးနေရပါတယ်။

သီရိမင်္ဂလာဈေးကိုဖြတ်တော့ ဈေးသူဈေးသားတွေဟာ လမ်းဘေးဝဲယာတစ်လျှောက်မှာသာမကပဲ၊ ဈေးအထပ်ထပ်က ၀ရံတာတွေမှာပါပြည့်ကျပ်နေအောင်အားပေးကြပါတယ်။ကျွန်တော်တို့ချီတက်လာကြ တဲ့ လူအင်အားဟာ တစ်သိန်းလောက်တော့ရှိမှာပါ။ ဒီလိုအင်အားမျိုးနဲ့ လှည်းတန်းအထိချီတက်နိုင်ရင်မဆိုးဘူး လို့တောင်စိတ်ကူးမိပါသေးတယ်။ ဒါပေမယ့် စိတ်ကူးက စိတ်ကူးပါပဲ။ နတ်စင်လမ်းနားအရောက်မှာတော့ အဲဒီ့မှာစတွေ့တာပဲ လို့ပြောရမယ်ထင်ပါတယ်။ ချီတက်နေရင်းကနေ နောက်ဆုံးကလိုက်လာတဲ့လူတွေဟာ ]] လာပြီ လာပြီ ဆိုပြီး ၀ုန်းကနဲ ၀ရုန်းသုန်းကားနဲ့ထွက်ပြေးကုန်ကြပါတယ်။

အခြေအနေကိုတည်ငြိမ်အောင်ထိန်းပြီး စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ ဘာမှမဟုတ်ပါဘူး ။ ကွန်တိန်နာကားကိုတွေ့လို့ အလန့်တကြားတွေဖြစ်ကုန်ကြတာပါ။ ဒါနဲ့ချက်ချင်းလူပြန်စုပြီး သာဓုကျောင်းတိုက်ရှေ့ကိုချီတက်ကြပါတယ်။ ကျောင်းတိုက်ရှေ့ရောက်တော့ အားလုံး ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး နမောဿတ အစချီလို့ဘုရားရှိခိုးပြီး မင်းကွန်းဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့ကို ရွတ်ဆိုကြပါတယ်။

ဒီသာဓုကျောင်းတိုက်ကသံဃာတစ်ပါး ဟာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် မနေ့က (၂၆ ရက်နေ့) ကျဆုံးသွားတာကြောင့် ထိုသံဃာတော်ကိုရည်စူးပြီး ဘုရားရှိခိုး၊ မေတ္တာပို့ကြတာဖြစ်ပါတယ်။ မေတ္တာပို့
ရင်းနဲ့ ငိုနေတဲ့လူတွေရှိသလို အားလုံးရဲ့ ရင်ထဲမှာလည်းဝမ်းနည်းနေကြပါတယ် ။ မေတ္တာပို့ပြီးလို့ ဆက်လက်ချီတက်ဖို့ပြင်နေတုန်းမှာပဲ နောက်တစ်ကြိမ်အလန့်တကြားထပ်ဖြစ်ပြီး ဘုန်းကြီးကျောင်း
ထဲ ၀င်ပြေးကြပါတယ်။ ကျွန်တော်တို့လည်း မပြေးကြဖို့ မကြောက်ကြဖို့ အော်ဟစ်ပြီးထိန်းပေမယ့် ထိန်းမရတဲ့ အတွက် ဒေါသ တွေဖြစ်နေကြရပါတယ်။ ဒီလိုကြောက်ပြနေသ၍ သူတို့ဘက်ကဖြဲခြောက်နေမှာပါပဲ။

အားလုံးနီးပါးထွက်ပြေးကုန်ကြတာကြောင့် ကျောင်းသားလေးတွေနဲ့ လူအနည်းငယ်ကလွဲရင် လူအင်အားသိပ်မရှိတော့ ပါဘူး။ ရှိတဲ့လူတွေနဲ့ပဲ ရှေ့ကိုဆက်တက်လာကြတော့ အဝေးပြေးကားမှတ်တိုင်လောက်မှာ စစ်သားတွေလမ်းပိတ်ထားကြပါပြီ။

ကျွန်တော်တို့လည်း လူစုမခွဲပဲ နေရာမှာတင်ရပ်ပြီးအခြေအနေကို အကဲခတ်နေကြပါတယ်။ ကျွန်တော်တို့ဘက်ကလူစုမခွဲတဲ့အတွက်သူတို့တွေဟာသေနတ်တွေချိန်ပြီးရှေ့ကို တိုးလာကြပါတယ်။ နောက်ဆုံး သူတို့တွေက မိုးပေါ်ကိုထောင်ပြီး ဆက်တိုက်ပစ်ပါတော့ တယ်။ ပစ်နေရင်းနဲ့ကျွန်တော်တို့ဆီ လျှောက်လာတာကြောင့် ကျွန်တော်တို့လည်း ရပ်ကွက်ထဲဝင်ပြီးလူစုခွဲလိုက်ကြရပါတော့တယ်။ လူစုမခွဲခင်မှာ မနက်ဖြန် နေ့လည် ၁ နာရီ လမ်း ၃၀ ထိပ်မှာ ဆုံကြမယ်လို့ ကြေငြာလိုက်ပါသေးတယ်။

အပိုင်း (၆)။

၂၈ ရက်နေ့ဟာ ကျွန်တော့်အတွက်တော့ ယုန်တောင်ပြေး ခြင်္သေ့မြောက်လိုက် ဖြစ်ရတဲ့နေ့ပါပဲ။ (ဟိုအကောင်ကိုတော့မသုံးပါရစေပါနဲ့ခင်ဗျာ။)အဖွဲ့တွေနောက်ကိုပတ်ရှာနေရင်းနဲ့ကို လမ်းကြောင်းတွေ လွဲပြီး တောင်တခြားမြောက်တခြားဖြစ်ခဲ့ရတဲ့အတွက် ဘာဆို ဘာမှကို မဘာလိုက်ရတဲ့နေ့တစ်နေ့ပါပဲ။

အဲဒီ့နေ့ကမြင်တွေ့ခဲ့ရတဲ့အခြေအနေတွေကို ပြန်ပြီးတော့ဖောက်သည်ချရမယ်ဆိုရင် ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ်ထဲမှာ စစ်ကားတွေဟာအဆက်မပြတ် ကင်းလှည့်နေပါတယ်။ ရှေ့ဆုံးမှာတော့ ကား တစ်စီးကလော်စပီကာကြီးနဲ့ လူငါးဦးထက်ပိုမစုဖို့ ၊ ဆူပူသူတွေကို (ဒါကတော့သူတို့အသုံးအနှုံးပါ ) လိုက် လံဖမ်းဆီးတဲ့အခါ ရပ်ကွက်အတွင်းမှာနေထိုင်တဲ့ပြည်သူများအနေနဲ့ အိမ်ထဲမှာ လက်ခံမထားဖို့၊အကယ်၍
အိမ်ထဲကိုဝင်စစ်လို့ သန်းခေါင်စာရင်းဝင်မဟုတ်တဲ့လူများကိုတွေ့ရင် အိမ်ရှင်ကိုပါပြင်းပြင်းထန်ထန်အရေး
ယူမယ်ဆိုတာတွေကို အော်ဟစ်ကြေငြာနေပါတယ်။ သူ့နောက်မှာကတော့ စစ်သားအပြည့်တင်ထားတဲ့စစ်
ကားငါးစီး (အထက်) လောက်က လိုက်ပါလာပါတယ်။ နောက်ဆုံးမှာတော့ ပြည်သူ့အချစ်တော်စွမ်းအားရှင်
တွေကိုတင်ထားတဲ့ ဒိုင်နာကားနဲ့ ဟိုင်းလပ်စ်ကားတွေပါလာပါတယ်။

အနော်ရထာလမ်းပေါ် ၊မောင်ထော်လေးလမ်းထိပ်လောက်မှတော့ စစ်သားတွေရင်ဘောင်တန်းရပ်နေ ပါတယ်။ ဆယ့်တစ်နာရီဝန်းကျင်လောက်မှာ အနော်ရထာလမ်းပေါ်က ရွှေဘုံသာလမ်းမီးပွိုင့်ထောင့်တွေမှာလူငယ်တွေစုပြီး အော်နေကြပါပြီ။ အော်လို့မှသိပ်မကြာသေးပါဘူး ။ စောစောကပြောတဲ့ စစ်ကားတန်းတွေရောက်လာတဲ့အတွက် လူစုခွဲလိုက်ရပါတယ်။ ကားတန်းကြီးဟာ လမ်းအတည့်မောင်းလိုက် ၊ပြောင်းပြန် မောင်းလာလိုက်နဲ့ လူပြန်စုချိန်မရလောက်အောင် လှည့်နေပါတယ်။

ကျွန်တော်လည်း ဟိုလမ်းဝင်ဒီလမ်းထွက်နဲ့ နေ့လည်နှစ်နာရီထိုးသွားပါတယ်။ အဲဒီ့အချိန်လောက်
မှာမှ ကမ်းနားဘက်မှာ အဖွဲ့တစ်ဖွဲ့ချီတက်နေကြတယ်လို့ ပြောသံကြားတာကြောင့် အမှီလိုက်ပေမယ့် အရိပ်
အယောင်တောင်မတွေ့ရတော့တာကြောင့် လက်လျှော့ပြီးအိမ်ပြန်လာခဲ့ရပါတယ်။

၂၉ရက်နေ့ကတော့ ဆန္ဒပြပွဲတွေနောက်ဆုံးဖြစ်တဲ့နေ့ပါ။ ဒီနေ့လည်း မနေ့ကလိုပါပဲ။စုရပ်ဖြစ်တဲ့လမ်း ၃၀ထိပ်မှာ ဆုံကြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် ရွှေဘုံသာလမ်းထိပ်မှာပဲ စုကြရပါတယ်။

ဆယ့်တစ်နာရီလောက်မှာ လူတွေဟာ အရှိုရှိုထွက်လာလိုက်ကြတာ ကားလမ်းအပြည့်ပါပဲ။ လူလည်းစုမိရော
ထုံးစံအတိုင်းအော်ကြပါတယ်။ အော်နေရင်းနဲ့လည်း မနေ့ကလို စစ်ကားတွေရောက်လာမှကို ကြည့်နေရပါ
သေးတယ်။ ခဏနေတော့ လူအုပ်ကြားထဲကနေ လက်မောင်းမှာ၊ နဖူးမှာ ပိတ်စအနီလေးတွေပတ်ထားတဲ့ ကျောင်းသားလေးတွေ ထွက်လာကြပါတယ်။ တချို့တွေက မြတ်စွာဘုရားရဲ့ ပုံတော်ကို ကိုင်ဆောင်ထားလို့၊
တချို့ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ကိုင်ဆောင်ထားလို့ပါ။ သနားစရာတစ်ခုကတော့ သူတို့မှာ
ကျောင်းသားတို့ရဲ့သင်္ကေတဖြစ်တဲ့ ခွပ်ဒေါင်းအလံမရှိခြင်းပါပဲ။ ဒါပေမယ့် သူတို့ဟာ ခွပ်ဒေါင်းအလံအစား
အနီရောင်ပိတ်စတစ်စကို အလံလိုလွှင့်ထူထားပါတယ်။ ဘာပဲပြောပြော အခုအချိန်မှာ ဒါဟာ အားလုံး အတွက်ခွပ်ဒေါင်းအလံတော်ပါပဲ။

ကျောင်းသားလေးတွေဟာ အဲဒီ့နေရာမှာ ကြွေးကြော်သံတွေတိုင်ပေးပါတယ်။ အဲဒီ့နောက်မှာတော့
ကျောင်းသားတွေနဲ့ လူထုဟာ ရွှေဘုံသာလမ်းအောက်တည့်တည့်ကိုချီတက်သွားကြပါတယ်။ ဖိနှိပ်မှုတွေ
ကြားထဲကလူထုဟာ လက်ခုပ်မတီးရဲလောက်အောင်တော့ မကြောက်ကြသေးပါဘူး။ ရွှေဘုံသာလမ်းအောက်
ဘလောက်ကိုရောက်တော့ အပေါ်ဘက်ကိုပြန်တက်လာကြပြန်ပါတယ်။ အနော်ရထာလမ်းပေါ်ပြန်ရောက်လာ
တော့ ဘယ်ကိုမှဆက်မချီတက်တော့ပဲ ကြွေးကြော်သံတွေပဲအော်ဟစ်နေကြပါတယ်။

အော်နေကြတဲ့အချိန်မှာပဲ ရွှေဘုံသာလမ်းထဲကိုစစ်ကားတွေအပြင်းမောင်းဝင်လာတဲ့ အတွက် အကုန်ထွက်ပြေးကြပါတယ်။ တွေ့ရာလမ်းတွေထဲ ၊ တွေ့ရာဆိုင် ၊ တွေ့ရာအိမ်ထဲ ၀င်ပြေးကြရတာ
ပါ။ ကျွန်တော်လည်းလွတ်ရာတစ်နေရာကို ပြေးရပါတယ်။ ]]ပြေး ၊ ပြေး ၊ ပြေး}} ကိုယ့်ဘာသာအားပေးရင်း
တစ်နေရာမှာ ၀င်ပုန်းနေလိုက်ရပါတယ်။ စစ်သားတွေကလည်း ကားရပ်တာနဲ့ချက်ချင်းဆင်းပြီး မည်းမည်း
မြင်ရာအကုန်လုံးကိုလိုက်ဖမ်းတာပါ။ လမ်းတွေထဲဝင်ပြေးရင် လမ်းတွေထဲအထိလိုက်ပါတယ်။ တိုက်ခန်း
လှေခါးတွေထဲ ၀င်ပြေးတဲ့လူတွေကိုလည်း လိုက်ဖမ်းပါတယ်။မိသွားတဲ့လူတွေလည်းမနည်းပါဘူး။ဘေးကင်း လောက်ပြီလို့ ယူဆရတဲ့အချိန်ကျမှပဲပုန်းနေရာကထွက်ပြီး အိမ်ကိုပြန်ခဲ့ရကြောင်းပါခင်ဗျား။


(ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ခွန်း (khoon) ရဲ့  စက်တင်ဘာမှ သဲတစ်ပွင့်များ ကို ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်)။

Wednesday, December 12, 2007

အခွင့်အရေးနဲ့ တာဝန်ယူမှု့  (၀ါ) ဒီမိုကရေစီ

ဒီမိုကရေစီ။
ဒီစကားလုံးကို ကျွန်တော်တို မကြာခဏ သုံးနေကြတယ်။ အလွန်အမင်းရင်းနှီးတဲ့ စာလုံးတစ်လုံးဖြစ်လာပြီ။ သူ့ ရဲ့ သဘောတရားကို သေချာမသိတောင်မှ၊ မသိတသိနဲ့ တော့သုံးနေကြတယ်။ ကျွန်တော်တို့ နိုင်ငံကိုလည်း ဒီမိုကရေစီဆိုတဲ့ တံဆိပ်ကပ်နိုင်ဖို့  ကြိုးစားနေကြတာဆိုတော့ ဒီစာကားလုံးဟာ ရင်းနှီးပြီးသားဖြစ်တယ်။

ဒါပေမယ့် ကျွန်တော်တို့ မြန်မာ အများစုက ဒီစာကားလုံးကို အခွင့်အရေး (right) အတွက် အဓိကသုံးနေကြတယ်။ တာဝန်ယူမှု့  (responsibility) အတွက်သိပ်မသုံးကြဘူး။ မပြောကြဘူး။ ဒီမိုကရေစီ လူ့ အဖွဲအစည်းထဲက လူသား တစ်ယောက်အနေနဲ့  အခွင့်အရေးကော၊ တာဝန်ယူမှု့  ပါရှိရတယ်။ ဒါမှ ဒီမိုကရေစီ ပါ။ အခွင့်အရေးတစ်ခုတည်းဟာ ပြည့်စုံမှု့ မရှိသေးဘူး။ဥပမာ- ဒီမိုကရေစီ နိုင်ငံသားတစ် ယောက်ဟာ မဲထည့်တယ်ဆိုပါစို့ ။ ဒါဟာ အခွင့်အရေး(right) အရ သူကြိုက်တဲ့ မဲဆွယ်သူကို သူမဲပေးလို့ ရတယ်။ တခါတည်း သူဟာ တိုင်းပြည်အတွက် တာဝန်ယူမှု့ (responsibility) ကို ပါပြုလုပ်သွားတယ်။ တာဝန်လည်းယူရတယ်။ မဲကို ထည့်ချင်သလို့ ထည်လို့ မရဘူး။ သူ့ ရဲ့ မဲဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖော်ဆောင်တဲ့ နေရာမှာ တစိတ်တဒေသ ပါဝင်နေတယ်။ ဒါကြောင့်မဲ တစ်ခုထည်မယ်ဆိုရင်၊ မဲဆွယ်သူ ပြောတာတွေကို နားထောင်ရတယ်၊ စဉ်းစားရတယ်၊ ဖြစ်နိုင်တယ်၊လက်တွေဆန်တယ်၊ တိုင်းပြည်ကို အကျိုးပြုမယ်လို့ ယုံကြည်နားလည်တော့မှ မဲထည့်ရတယ်။ နိုင်ငံသားတိုင်းဟာ တိုင်းပြည်အတွက် တာဝန်ယူမှု့  ရှိနေတယ်။ အဲဒီအတွက် ဒီမိုကရေစီ လူ့ အဖွဲ့ အစည်း ထဲက လူဟာ ပညာနဲ့ ပြည်ဝနေရမယ်။ ဒါဟာဘာလဲဆိုတော့ စွမ်းရည်ရှိနေရမယ်။ နောက် တစ်ချို့ ဒီမိုကရေစီတိုင်းပြည်တွေမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိပေမယ့်လို့  နိုင်ငံတော်တာဝန်ကို ၁ နှစ်ဖြစ်စေ၊ ၂ နှစ်ဖြစ်စေ မဖြစ်မနေထမ်းဆောင် ရတာဟာလည်း တာဝန်ယူမှု့ အပိုင်းကြောင့်ပဲ။ ဒီအဖွဲ့ အစည်းထဲကလူဟာ ဒီအဖွဲ့ အစည်းကိုကာကွယ်ဖို့  တာဝန်ရှိတယ်။ စစ်ကာလဆိုပိုပြီး တာဝန်ယူကြရတယ်။

တာဝန်ယူမှု့ ရှိဖို နိုင်ငံသားတွေဟာ ပညာရည်၊ စိတ်နေစိတ်ထား၊ စတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း မြင့်မားရမယ်။ အခွင့်အရေးနဲ့  တာဝန်ယူမှု့  မျှတအောင်သုံးတက်ရတယ်။ တကယ်တမ်မှာ အခွင့်အရေးကို တာဝန်ယူမှု့ က ကာကွယ်ပေးထားတာ။ တာဝန်ယူမှု့ မရှိပဲနဲ့  လွတ်လပ်ခွင့်တို့  အခွင့်အရေးတို့ ဆိုတာရှိလာမှာမဟုတ်ဘူး။

အခု ကျွန်တော်တို့ ရဲ့ နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်လို့  ဖြစ်လာအောင် ကြိုးစားရာမှာ ကျွန်တော်တို့ တတွေ ဘာတွေ တာဝန်ယူမှု့ တွေ လုပ်ခဲ့ကြပြီလဲ။ ကိုယ့်အခွင့်အရေးကိုတော့ သိထားရမယ်။ ဒါပေမယ့် အခွင့်အရေးကို အရမ်းကြီးမအော်ကြစို့ ရဲ့။ အလွန်အကျွံ အသုံးမချကြစို့ ရဲ့ ။ တာဝန်ယူမှု့ ကိုလည်းအရင်ရှိအောင်လုပ်ကြဖို့ လိုတယ်။ ဒီမိုကရေစီနိုင်ငံသား ပီသနေရမယ်။ ထိုက်တန်ကြောင်းပြသရမယ်။ ဒါဆို အခွင့်အရေး၊ လွတ်လပ်ခွင့်တွေ ရလာပါလိမ့်မယ်။

ကောင်းပြီ။ ကျွန်တော်တို တတွေ ဘာတွေ တာဝန်ယူမှု လုပ်ကြမလဲ။ ဘယ်လို တာဝန်တွေကိုယူကြမလဲ။ ခင်းဗျားဟာ တိုင်းရင်းသားဖြစ်မယ် ခင်ဗျားဟာ ဗမာလူမျိုးဖြစ်တယ်တယ်ဆိုရင် ဒီအရေးဟာ ခင်ဗျားနဲ့ ဆိုင်တဲ့ အရေးဖြစ်နေပြီ။ ကျွန်တော်နဲ့ ဆိုင်တဲ့ အရေးဖြစ်နေပြီ။ တာဝန်ယူကိုယူရတော့မယ်။ တာဝန်မယူပဲ ကိုယ့်အကျိုးကိုယ်ကြည့်ပြီး၊ ကြောက်စိတ်နဲ့  နေထိုင်နေမယ်ဆိုရင် နအဖ စစ်အာဏာရှင် မကောင်းကြောင်း ညည်းညူနေမယ်ဆိုရင် အာဏာရှင်တွေက စားနေဦးမှာပဲ။ ကျွန်တော်တို့ လိုအပ်နေတာ ပြောဆို သုံးသပ်ချက်တွေမဟုတ်ဘူး။ အာဏာရှင်တွေ ဘယ်လိုရက်စက်တယ်ဆိုတာကို ညည်းညူနေတာမျိုးမဟုတ် ဘူး။ လက်တွေ့  အလုပ်လုပ်ဖို လိုအပ်နေတာ။ လက်တွေအလုပ်လုပ်ရမယ်။ ခင်ဗျားတို့ ကျွန်တော်တို့  ဘာလုပ်ကိုင်ပေးနိုင်သလဲ။ အနှိမ့်ဆုံး အနေနဲ့  တိုင်းပြည်အတွက် လုပ်ကိုင်ပေးနိုင်တာကို စဉ်းစားပါ။ အာဏာရှင်စီးပွား အားမပေးတာမျိုး၊ အာဏာရှင်ခိုင်းတဲ့အလုပ် ကောင်းကောင်းမလုပ်တာမျိုး၊ ပျက်စီးအောင် လုပ်တာမျိုး၊ မပတ်သတ်မဆက်ဆံတာမျိုး စတဲ့ကိုယ့်အသိညဏ်နဲ့ တနိုင်တပိုင် အာဏာရှင်ကိုဆန့် ကျင်တာ ကနေစပြီးတော့ ၊ ရံပုံငွေထည့်ဝင်တာ ၊ လုပ်ရှားနေသူတွေကိုကူညီတာ၊ ကိုယ်ကိုတိုင် အရည်အချင်း တိုးတက်အောင် လုပ်ဆောင်တာ၊ ကိုယ်တိုင်ကိုယ်ကျပါဝင် လုပ်ရှားတာတွေအထိ လုပ်နိုင်တယ်။ တကယ် ကိုယ့်နိုင်ငံကို အာဏာရှင်အောက်က လွတ်မြောက်စေချင်တယ်ဆိုရင်တော့ ဒါတွေဟာ နိုင်ငံသား တိုင်းလုပ်ကို လုပ်ရမယ့် ကိစ္စတွေ ဖြစ်တယ်။ ချွင်းချက်မရှိဘူး။

ကျွန်တော်တို့ ရဲ့ လွတ်လပ်တဲ့နိုင်ငံတော်ကြီးက ကျွန်တော်တို့ ၊ ခင်ဗျားတို့  အလုပ်လုပ်နိုင်လာတဲ့ အချိန်၊ တာဝန်ယူမှု ကိုပြုလုပ်မယ့်အချိန်ကို စောင့်နေတယ်။ ကမ္ဘာကို မြန်မာဆိုတာကို ပြကြပါစို့ ..။

ဖခင်ဗိုလ်ချုပ်ပြောခဲ့တာလေးကိုရင်ထဲမှာထည့်ထားကြစေချင်တယ်။
ဗိုလ်ချုပ်ရဲ့ အသံကို ကြားယောင်နေစေချင်တယ်။

ကျနော်တို့ ဟာ ဘာအလုပ်ကို လုပ်လုပ် ပြီးတဲ့အထိ၊ နောက်ဆုံး တနေ့  ပြီးတဲ့ အချိန်မယ် ရှုံးမယ်ထင်သည် ဖြစ်စေ၊ နိုင်မယ်ထင်သည် ဖြစ်စေ မလျှော့တမ်းဇွဲနဲ ကျနော်တို လုပ်ကြ ရမယ်။

ဒေါင်းပျို

Thursday, December 6, 2007

အာဏာရှင် ကို ဖြုတ်ချ၊ ဒီမိုကရေစီအစစ်အမှန် အစိုးရကို သာ လက်ခံတယ်။

အေဘရာဟမ်လင်ကွန်းက ပြောခဲ့ဘူးတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတို့ ရဲ့ တို့ ရဲ့ အစိုးရ၊ ပြည်သူ တိုကိုယ် တိုင် အုပ်ချုပ်တဲ့အစိုးရ၊ ပြည်သူအတွက် အစိုးရတစ်ရပ်တဲ့။ (a government "of the people, by the people,and for the people")။ ဒီတော့ ဒီမိုကရေစီဆိုတာ ပြည်သူ့ အစိုးရ လို့  နောက်ဆုံး အနက်ထွက်တာပဲ။ ပြည်သူအစိုးရဆိုတာ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရကို ခေါ်တာပဲ။ ဒါကြောင့် တိုင်ပြည်ရဲ့  အာဏာဟာ ပြည်သူ လက်ထဲမှာပဲရှိတယ်။ တိုင်းပြည်ရဲ့ အာဏာဟာ ပြည်သူလက်ထဲမှာ ရှိမှ တိုင်းပြည်ရော ၊ ပြည်သူပါလွတ်လပ်မှု့ ရှိတယ်။ လွတ်လပ်မှု့ ရှိမှ ဖွင့်ဖြိုးတိုးတက်မှု ဆိုတာရှိတယ်။ ပြည်သူပြည်သားတွေ စိတ်ချမ်းသာမှုကို ရနိုင်မယ်။ ဒါမှ တိုင်းပြည်အေးချမ်းသာယာမယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်က ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ် လို့ မိန့် ကြားသွားတာ။ လွတ်လပ်မှု့ မရှိတဲ့တိုင်းပြည်၊ ဒီမိုကရေစီကို မကျင့်သုံးတဲ့ တိုင်းပြည်ဟာ တဖက်စောင်းနင်းပဲ။ စည်းဝါးမကိုက်ဘူး။ ဒါကို လက်ရှိ ပုံစံအမျိုးမျိုးနဲ့  အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ တိုင်းပြည်တွေ - ဥပမာ ၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ကျူးဘား - ဘယ်နိုင်ငံတွေကများ အဆင်ပြေပြေရှိကြလို့ လဲ။ တရုတ်နိုင်ငံ ကို ဒီလောက် တိုးတက်နေတာ၊ ရှန်ဟိုင်၊ ဘေးကျင်း၊ဟောင်ကောင် ကမ္ဘာမှာ နာမည်ကြီးနေတာလို့  ပြောချင်တယ်ဆိုရင်၊ အခု တရုတ်ပြည်ကြီးသား တစ်ယောက်ကို မေးလိုက်ပါ။ ဘယ်နှစ်ယောက်ကို မေးဘူးလဲ။ တရုတ်ပြည်အတွက် ဂုဏ်ယူကြတယ်။ ဒါပေမယ့် သူတို့ တရုတ်အစိုးရကို ဘယ်သူမှ မကြိုက်ကြဘူးဆိုတာတွေ့  လာရ လိမ့်မယ်။ ရှန်ဟိုင် မြိုလယ်မှာ တနေကို အာလူးတစ်နပ်ပဲ စားနေရတဲ့ တရုတ်တွေရှိတယ်။ ဒါမဟုတ်မမှန် အုပ်ချုပ်သူတွေ လွှင့်တဲ့သတင်းမဟုတ်ဘူး။ သူ့ ပြည်သူတွေ ကိုယ်တိုင်ပြောပြနေတာ။ တရုတ်ပြည်သူတွေလည်း ဒုက္ခရောက်နေကြတာပဲ။ ဒီမိုကရေစီမဟုတ်တဲ့ ဘယ် နိုင်ငံ ကမှ နည်းမှန်လမ်းမှန် ပေါ်မရောက်ကြဘူး။ ဒါဖြင့် ဒီမိုကရေးစီနိုင်ငံတိုင်းကော တိုးတက်နေတယ်လား။ ချက်ချင်း ဘယ်လိုလုပ်တိုးတက်မလဲ။ တိုင်းပြည်ရဲ့ တည်နေရာ၊ အုပ်ချုပ်သူတွေရဲ့ အရည်အချင်း၊ ပြည်သူတွေရဲ့  အရည်အချင်း၊ ဗီဇ၊ စိတ်နေစိတ်ထား တွေပေါ်မှာလည်း မူတည်တာပဲ။ ဒါဆိုဘာလို့ ဒီမိုကရေစီကိုချည် ဖိပြီးတောင်းဆိုနေတာလဲ။ ဒီမိုကရေစီကလွတ်လပ်ခွင့် ပေးတယ်။ တရားမျှတမှုကို ပေးတယ်။ ကြိုးစားခွင့်ပေး တယ်။ နည်းမှန်လမ်းမှန် ကြိုးစားခွင့်ပေးတယ်။ ဒါကြောင့်ရေရှည်မှာ ဒီမိုကရေစီနိုင်ငံတွေဟာ ရင့်ကျက်လာ တာနဲ့ အမျှ တိုးတက်လာမှာပဲ။ ဒီမိုကရေစီမရရင် ကျွန်တော်တို့ ၊ခင်ဗျားတို့ မှာ ကြိုးစားခွင့် ဆိုတာတောင် မရှိဘူး။ ဒါကြောင့် ဒီမိုကရေစီ ရရှိရေး၊ ဒါဟာ ဘာကိုပြောတာလဲဆို အာဏာရှင်တိုက်ဖျက်ရေး၊ ပြည်သူ့ အစိုးရ အရပ်သားအစိုးရ ရရှိရေး ဟာ ပထမဆုံးအဆင့်ဖြစ်တယ်။ ပထမဆုံး လိုအပ်ချက်ဖြစ်တယ်။

ဒေါင်းပျို

Saturday, December 1, 2007

ဒါ ဒို့ တိုင်း ဒါ ဒို့ ပြည်.. ဒါ ငါ ဒို့ ခေတ်

ရွှေဝါရောင်တော်လှန်ရေးဖြစ်ခဲ့သည်မှာ အခုဆို ၂ လကျော်သွားပြီဖြစ်တယ်။ အသက်ပေးခဲ့ သူတွေလည်း ပေးခဲ့ပြီ။ အဖမ်းခံကြသည်မှာ လည်း ထောင်နဲ့ ချီ။ ရဲရင့်သူတွေဟာ ရဲ့ ရင့်ကြတာပဲ။ ဒီတော်လှန်ရေးရဲ့  ကောင်းကျိုးတွေအဖြစ် ကျွန်တော်တို့ လို လူငယ်တွေ နိုင်ငံအရေးမှာ စိတ်ဝင်စားလာကြတယ်။ နိုင်ငံအတွက် ဆိုတာမျိုး တွေးတော ပြောဆိုလာ ကြတယ်။ (ဒါဟာ မြန်မာလူငယ်တွေ ထက်မြတ်လာဖို့ အတွက် တနည်း အထောက်အကူပြုမယ်လို့ ထင်ပါတယ်။) ကမ္ဘာ မှာ မြန်မာ(ဘားမား) ဆိုတာ ကို သိသွားကြတယ်။ ကမ္ဘာအနှံ့  မြန်မာ့ ကိစ္စကို ပြောဆိုခဲ့ကြတယ်။ မြန်မာ့ အရေးအတွက် လှုပ်ရှားခဲ့ကြတယ်။ ၁၉၉၆ အပြီး သေသလို ဖြစ်နေ တဲ့ မြန်မာအရေးဟာ အင်အားကြီးကြီးနဲ့  တဖန် သက်ဝင်လှုပ်ရှားလာတယ်။

ကုလသမ္မဂ က ၀င်ပါလာရတယ်။သူအတွက်လည်း လုပ်ဖို့ အခွင့် အရေးရသွားတာပဲ။ မြန်မာပြည်သူတွေ ဘာမှ မလုပ်ရင် ကုလသမ္မဂလည်း ဘာမှတက်နိုင်မှာ မဟုတ်ဘူး။ အနောက်နိုင်ငံကြီးတွေ၊ သြဇီ၊ဂျပန် အာဆီယံတိုက ပါ ၀င်ရောက်ပြောဆို ပိတ်ပင်တာတွေလုပ်ခဲ့ကြရတယ်။ အာဆီယံက တော့ အဖျားရှူးပြီး ရှက်စရာ ဖြစ်သွားတယ်။ အရှေ့ တောင်အာရှ အဖွဲ့ ဟာ ထင်သလောက် မရင့် ကျက်သေးဘူးဆိုတာ ပေါ်လွင် သွားတယ်။
ဒါဟာ နိုင်ငံတကာက မြန်မာ့အရေးအတွက် လှုပ်ရှားခဲ့တာ အကုန်ပဲ။ ဥရောပ၊ အမေရိက ၊ ကနေဒါ ၊ သြဇီ တို့ အတွက်လည်း ဒါဟာ လုပ်ဆောင်နိုင်တာ အကုန်နီးပါး ပဲ။ ပိတ်ပင်တာကို ထပ်ပြီး တင်းကျပ်တာတော့ လုပ်လို့  ရတယ်။

ဒါပေမယ့် မြန်မာပြည်သူတွေက တော့ ကုလ ဒါမှမဟုတ် အမေရိကန်နဲ့  မဟာမိတ် တပ်တွေ ၀င်လာဖို့  ရိုးရိုးသားသား မျော်လင့်နေခဲ့ကြတယ်။ ဒါ ဘာကို ပြောတာလဲဆိုရင် သူတို့ ဟာ စစ်အာဏာရှင်အောက် က လုံးဝလွတ်မြှောက်လို ပြီဆိုတာကိုပဲ။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်နိုင်ငံပဲ ဒီစစ်အာဏာရှင်ကို ဖယ်ရှားပြီး ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ပေးမယ်ဆို ကြိုဆိုကြမယ့် အခြေအနေဖြစ်နေပြီ။ ကျေးဇူးတွေ သိပ်တင်ကြမယ့် အခြေအနေဖြစ်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့ သိထားရမှာက ကမ္ဘာ့ နိုင်ငံရေး၊ လက်ရှိမြန်မာ အခြေအနေနဲ့  ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဘယ်သူမှ မြန်မာပြည်အရေးအတွက် တပ်ကို လွှတ်မှာ မဟုတ်ပါဘူး။ အီရတ်၊ ကိုဆိုဗို၊ အာဖဂန်နစ်စတန် တို့ က နမူနာအနေနဲ့  ရှိနေလို့ လဲ မြန်မာ ပြည်သူတွေဟာ ဒီလို ရိုးရိုးသားသား မျော်လင့် နေကြတာပဲ။ ဒါပေမယ့် အခြေအနေတွေကွာခြားတယ်ဆိုတာကို တော့ ကျွန်တော်တို့  လို လူငယ်တွေ သိကြရပါမယ်။ မြန်မာလူငယ် ပညာတက်တွေက အစ ဒီလို မျော်လင့်နေတယ် ဆိုရင်တော့ မြန်မာပြည်လွတ်လပ်ရေး စစ်အာဏာရှင်အောက်ကလွတ်လပ်ရေး ဟာ ပြောစရာပဲဖြစ်နေဦးမှာပဲ။

အားကိုစရာဟာ ကျွန်တော်တို့ မြန်မာတွေပဲဖြစ်နေပါတယ်။ တွေးမိရင် အားပျက်သွားစရာ ရှိပေမယ့် ဒါဟာ အမှန်တရားဖြစ်တယ်။ လက်ခံရမှာပဲဖြစ်တယ်။ မြန်မာအရေးကို မြန်မာလောက် ဘယ်သူကမှ စိတ်ဝင်တစား လုပ်ပေးမှာမဟုတ်ဘူး။ ကျွန်တော်တို့ လုပ်တဲ့ အခါ အကူအညီရယုံပဲ မျော်လင့်နိုင်မယ်။ ကျွန်တော်တို့ သွေး စည်းကြရတော့မယ့် အချိန်ပါ။ ဒီရွှေဝါရော် တော်လှန်ရေးကာလ အတွင်း ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်တချို့ ကနေ ဒါဟာ နောက်ဆုံးဖြစ်တယ်လို့ ဆိုကြတယ်။ ဒါကို အမှန်တကယ်ဖြစ်လာအောင် ကျွန်တော်တို့ လုပ်ကြရလိမ့်မယ်။ ဒါဟာနောက်ဆုံးမဟုတ်ခဲ့လို့ ရှိရင် နောင်ကျွန်တော်တို့ ရဲ့ မျိုးဆက်တွေဟာ၊ မြန်မာပြည်ကြီး ဟာ လက်ရှိကျွန်တော်တို့ မြန်မာတွေ ညံ့လို့  ဒုက္ခရောက်ကြရတယ်ဆိုတာ ဖြစ်လာမယ်။

ရွေဝါရောင်တော်လှန်ရေး ကို အောင်မြင်တယ်လို့ ကျွန်တော် မမြင် သေးဘူး။ ကောင်းကျိုးရလဒ်တွေ အများကြီးထွက်လာတယ်ဆို တာကို လက်ခံတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေရဲ့  လုပ်ဆောင်ချက်တွေဟာ ဘယ်လိုမှ ရိုးသားမှုကို မတွေရဘူး။ လူထုခေါင်းဆောင် ဒေါ်စုကို တွေဆုံခြင်းဟာလည်း ကြိုဆိုရမှာ ဖြစ်ပေမယ့် အများကြီး အားကိုးလို့ မရတဲ့ ကိစ္စပါ။ ပြည်သူတွေ သွေးအေးသွားတဲ့ တနေ့ ၊ နိုင်ငံတကာ ဟာ သူ့ ရေးနဲ့ သူ အလုပ်ရှုပ်နေတဲ့ တနေ့  စစ်အာဏာရှင်ဟာ မိုက်ရိုင်းစွာ အောင်ပွဲခံဦးမှာပဲ။ ဒါပေမယ့် ရွှေဝါရောင်တော် လှန်ရေးမှာ ကျွန်တော်တို့ ရှုံးသွားတယ်ဆိုရင်လည်း လက်မခံသေးပါဘူး။ ရွှေဝါရောင်တော်လှန်ရေးကြောင့် ရလာတဲ့ အားသားမှု့ တွေကို ကိုင်ပြီးတော့ စစ်အာဏာရှင်ကို နိုင်ငံတော် ဖြတ်ဆီးခွင့် လုံးဝမရနိုင်တဲ့ အခြေအနေ ရောက်အောင် ဆက်လက် တိုက်ပွဲဝင်နိုင်မယ်လို့  ကျွန်တော် ယုံကြည် တယ်။ ကျွန်တော်တို့  တိုက်ပွဲဝင်ကြပါစို့ ။ ကျွန်တော်တို့ ခေတ်ရောက်နေပြီ။