ဖတ်ပြီးသားလား။ ပြန်ဖတ်ဗျာ။
ဒေါက်တာလွဏ်ဆွေ ဘလောက်မှ ကူးသည်။
ကိုင်း … ဘာလုပ်ကြမလဲ စံကွန့် ကိုင်း … ဘာလုပ်ကြမလဲ …။စစ်အစိုးရကတော့ ပြည်သူကို စိန်ခေါ်နေပြီ။ ဒီနှစ်မေလထဲမှာ ပြည်သူ့အလိုဆန္ဒ တစက်မှမပါတဲ့ သူတို့အလိုကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်းကြီး ထောက်ခံခိုင်းတော့မယ်။ ၂၀၁၀ခုနှစ်မှာ နိုင်လည်းနိုင် ရှုံး လည်းနိုင်မယ့် ညစ်နည်းမျိုး စုံလင်စွာနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးလိမ့်ဦးမယ်။
ကိုင်း … ပြည်သူတွေ ဘာလုပ်ကြမလဲ။ အတိုက်အခံပါတီတွေ ဘာလုပ်ကြမလဲ။ဒီမိုကရေစီအင်အားစုတွေ ဘာလုပ်ကြမလဲ။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘာလုပ်ကြမလဲ။ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း သူ့ဖဲ သူချိုး သူဝေပြီး ဟောဒီမှာ တစ်သုံးလုံးလို့ လုပ်တော့မယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒါလောက် မြန်မြန်ဆန်ဆန်ကြီး ကြေညာလိမ့်မယ်လို့ ထင်မထားတာ တခုပါပဲ။ တကယ်တော့ စစ်အစိုးရက (ဖဲစကားနဲ့ ပြောရရင် ‘ရှိုး’ ကြည့်လိုက်တာ၊ သက်လုံကောင်းရင် လိုက်၊ သက်လုံမကောင်းရင် ပြေး၊ ဒါပဲ)။
အချိန်ကတော့ ရောက်နေပြီ။ ပြတ်ပြတ်သားသား စဉ်းစားဆုံးဖြတ်ရမယ့် အချိန်ရောက်နေပြီ။ ပြည်တွင်းက ပြည်သူတွေရော၊ အနိုင်ရပါတီဖြစ်တဲ့ NLD ရော၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေရော လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ။ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေစုပြီး မီးပုံရှို့ပြရုံနဲ့လည်း ဒီကိစ္စက မပြီးဘူး။ မြန်မာပြည်က တီးဝိုင်းလေး အဆိုတော်လေးခေါ် ပွဲလေးဘာလေး ကျင်းပပြီး ဘီယာသောက်ပြ နေရုံနဲ့လည်း စစ်အစိုးရက ပြုတ်ကျမှာ မဟုတ်ဘူး။ တနှစ်တခါလောက် နဖူးစည်း အနီပတ် သံရုံးရှေ့ သွားအော်၊ အလကားရတဲ့ ရေဒီယို လှိုင်းတိုလေးတွေကနေ ကလော်ဆဲ၊ စေ့စပ်ညှိနှိုင်းဖို့ တောင်းဆိုလိုက်ပါတယ်ဆိုတဲ့ ၀ါရင့်နိုင်ငံရေးသမားဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ လေချဉ်တက်သံတွေကိုလည်း စိတ်ပျက်လှပါပြီ။ ၁၉၈၈ မှသည် ၂၀၀၈ အထိ အနှစ် နှစ်ဆယ်လုံးလုံး ကျွန်တော်တို့တတွေ အရည်မရ အဖတ်မရတွေနဲ့ အချိန်ကုန်လွန်ခဲ့တယ်ဆိုရင် တချို့ အစာကြေချင်မှ ကြေမယ်။
ကိုင်း … ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အင်မတန် ရိုးစင်းတဲ့ မြန်မာစကားပုံ တခုကိုပဲ ကိုးကားပြရမှာပဲ။
“ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဒါပဲ။ ကိုယ့်ကိစ္စ ကိုယ့်ဖာသာ အားမထုတ်လို့ကတော့ ဂမ်ဘာရီလည်း မကယ်နိုင်ဘူး။ ဂျော့ဒဗလျူဘုရှ်လည်း အားမကိုးနဲ့။ သူတို့က ကူညီရုံ အားပေးရုံပဲ။ တကယ်လုပ်ရမှာက ကိုယ့်ပြည်သူတွေ။
အချိန်က သိပ်တိုနေပြီ။ အခြေအနေက မိုးထဲရေထဲမှာ …။ ဒီလိုအခြေအနေမျိုးမှာ ‘အာ’သမားတွေ မလိုဘူး။ ‘လေ’ နဲ့တိုက်မယ့် တော်လှန်ရေးသမားတွေ တချက်နောက်ဆုတ်ပါ။ တော်လှန်ရေးလုပ်တာ ညစာစားပွဲတက်တာ မဟုတ်ဘူး။ ဇာပန်းထိုးတာ မဟုတ်ဘူးဆိုတဲ့ စကားတခွန်း ကမ္ဘာ့နိုင်ငံရေးမှာ ပေါ်ထွန်းဖူးပါတယ်။ အင်မတန် ယုတ်မာပက်စက်တဲ့ စစ်အစိုးရကို သံတမန်ဆန်ဆန် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။ ဒါကတော့ အနှုတ်သဘောဆောင်တဲ့ လက္ခဏာ ဖြစ်ပါတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကတော့ စစ်အစိုးရအဖို့ ပန်းနဲ့ပေါက်သလားပဲ ထင်မှာပါ။
စစ်အစိုးရကတော့ ပြတ်တယ်။ အာဏာ လက်မလွှတ်ရဖို့အရေး ဘယ်နည်းဗျူးဟာပဲ သုံးရသုံးရ …။ ဖျာလိပ်ထဲ ၀င်မိတဲ့ ခွေးလိုပဲ။ သူ နောက်ဆုတ်လို့ မရတော့ဘူး။ သူတို့ သက်ဆိုးရှည်ဖို့အတွက် အောင်တိုးတို့အုပ်စု စီမံဖော်စပ်ထားတဲ့ သက်ရှည်ကျန်းမာ အခြေခံဥပဒေကြီးကို အတင်း ထောက်ခံခိုင်းတော့မယ်။ ဒီဆန္ဒခံယူပွဲကြီး ဖြစ်မလား၊ ပျက်မလားဆိုတာ …။ မြန်မာတွေ မညံ့ဘူးဆိုတာ ဒီလိုနေရာမျိုးမှာ ပြရမှာ။ ပါးစပ်ကြီးနဲ့ ကျုပ်တို့ဗမာတွေ မညံ့ပါဘူးဗျာလို့ ပြောရုံနဲ့ ကမ္ဘာက ယုံမှာတဲ့လား။
နောက် … ရွေးကောက်ပွဲ။
ဒီကလိန်ကကျစ် စစ်အစိုးရရဲ့ အကြီးမားဆုံး ပြဿနာက ၉၀ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ပဲ။ ဒီအရိပ်မည်းကြီးက သူတို့ကို အမြဲတစ္ဆေ ခြောက်လှန့်နေတယ်။ ဒါကို သူတို့ ပြောင်းပြန်လှန်ချင်ပြီ။ ခက်တာက ပြည်သူကလည်း တစက်မှ အယုံအကြည် မရှိဘူး။ ဒါပေမယ့် သူတို့အမြဲအားကိုးတဲ့ သေနတ်။ ပြီးတော့ ထောင်မလဲသဲကော် ကျပ်ငွေ။ ဒီနှစ်ခုနဲ့ ရွေးကောက်ပွဲမှာ တံတားခင်းမယ်။ တချို့ကို ငွေနဲ့ သွားခိုင်းမယ်။ တချို့ကို သေနတ်နဲ့ သွားခိုင်းမယ်။ ဒီကြားထဲ ကတိမ်းကပါး ဖြစ်ခဲ့ရင်။ သူတို့မှာ ၀ှက်ဖဲတွေ အများကြီးရှိပါတယ်။ ယုတ်စွအဆုံး ရွေးကောက်ပွဲ ပျက်တော့ရော သူ့တို့မှာ ဘာအရှုံးရှိလို့လဲ။
ဒီနေရာမှာ ဗကပ ရဲဘော်ဖိုးသံချောင်းနဲ့ ကျွန်တော် အမြင်မတူဘူး။ ဖိုးသံချောင်းက ရွေးကောက်ပွဲကိုဝင် လူထုမဲနဲ့ ဖြုတ်ချ ဆိုတာမျိုးကို ကြိုက်တယ်။ တကယ်တော့ ဖိုးသံချောင်း မြန်မာပြည်နဲ့ ကင်းကွာနေတာ ကြာတော့ အကြားလောက်နဲ့ပဲ သိတာ။ စစ်တပ်က ဘယ်လောက် အောက်တန်းကျ စုတ်ပဲ့တယ်ဆိုတာ ကိုယ်တွေ့ကြုံဖူးဟန် မတူဘူး။ ဟိုတုန်းက တည်မြဲဟာ စစ်တပ် ကျောထောက်နောက်ခံ ရှိလျက်သားနဲ့ သန့်ရှင်းကို ခွက်ခွက်လန်အောင် ရှုံးခဲ့တာကို သူက နမူနာပြတယ်။ အဲဒါ ဟိုတုန်းက စစ်တပ်။ အဲဒီစစ်တပ်က တည်မြဲနောက်က ကျောထောက်နောက်ခံ အနေပဲ ရှိတာ။ အခုဟာက စစ်တပ်က ဦးစီးကျင်းပပြီး စစ်တပ်ကိုယ်တိုင် ၀င်အရွေးခံမယ့် ရွေးကောက်ပွဲ။ နောက်ပြီး အရှက်အကြောက် ဂုဏ်သိက္ခာ တစက်မှမရှိတဲ့ စစ်တပ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ သူတို့ ကျောထောက်နောက်ခံပြုတဲ့ တစညပါတီ ခွက်ခွက်လန်အောင် ရှုံးပြီး အနိုင်ရပါတီကို အာဏာမလွှဲဘဲ နေရဲတဲ့စစ်တပ်။
အာဏာမလွှဲရုံတင် မကသေးဘူး။ NLD အဖွဲ့ဝင်တွေကို ဖမ်း၊ လွှတ်တော် ကိုယ်စားလှယ်တွေကို ထောင်ထဲထည့်၊ ဘာအပြစ်မှ မရှိတဲ့ ဦးဝင်းတင်ကို ထောင်နှစ်ရှည်ချ၊ ထောင်ထဲမှာ မောင်သော်ကတို့ မုံရွာတင်ရွှေတို့ သေ။ ဒီကြားထဲကပဲ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ ဗြောင်လိမ်ရဲတဲ့ စစ်တပ်။ သူတို့အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကြီးဆုံး ဆူးညှောင့်ခလုတ်လို့ မြင်တယ်။ ဒါကြောင့် ထောင်ထဲက လူမိုက်တွေ သူခိုး ဂျပိုးတွေကို ပိုက်ဆံပေးပြီး ဒီပဲယင်းမှာ ဒေါ်စုကို လုပ်ကြံခိုင်းတာ ဒီစစ်တပ်။ အဲဒီပွဲမှာ ဦးစီးတဲ့ စစ်ဗိုလ်ကို နိုင်ငံတော်ဝန်ကြီးချုပ် ခန့်ရဲတာ အဲဒီစစ်တပ်။ နောက်ဆုံး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့ အသည်းနှလုံးကို ဆုပ်ယူဖျစ်ညှစ်သလို ခံစားလိုက်ကြရတဲ့ ရွှေဝါရောင် တော်လှန်ရေးလို့ လူသိများတဲ့ လူထုအုံကြွမှု။ မြတ်စွာဘုရား ပုံတော်နဲ့တကွ ဘုရားသားတော် ရဟန်းသံဃာတွေကို စစ်ဖိနပ်နဲ့ ကန်တဲ့အထိ ဆိုးယုတ်ခဲ့တဲ့ စစ်တပ်။ မေတ္တာသုတ်ရွတ်တဲ့ ရဟန်း သံဃာတွေကို လှံစွပ်နဲ့ ထိုးရဲတဲ့ စစ်တပ်။ အပြစ်မဲ့တဲ့ နိုင်ငံခြားသတင်းထောက် တယောက်ကို သေနတ်နဲ့ အနီးကပ် ပစ်ရဲတဲ့ စစ်တပ်။
ဒီလိုစစ်တပ်မျိုးက ပြည်တွင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲလိမ်မဲညစ်ရမှာမျိုးလောက်တော့ ပျင်းတောင်ပျင်းသေးတယ် ပြောလိမ့်မယ်။ ခုတလော အင်တာနက်ကလေး ဘာလေးဖွင့်ကြည့်မိရင် အင်မတန် အော်ဂလီဆန်စရာကောင်းတဲ့ နိုင်ငံရေးသုခမိန်အချို့နဲ့ အဖွဲ့အစည်း တချို့ရဲ့ “တွေ့ဆုံဆွေးနွေးခြင်းသည်သာလျှင် အကောင်းဆုံး ဖြေရှင်းနည်း” “စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ နအဖကို တိုက်တွန်းလိုက်ပါတယ်” “ကျွန်တော်တို့ကတော့ ပြည်သူတွေ သွေးမြေမကျစေချင်ဘူးပေါ့လေ အားလုံး နှစ်ဖက် ပြေပြေလည်လည် ဆွေးနွေးတာကို မြင်ချင်ပါတယ်” ဆိုတဲ့ နိုင်ငံရေး လူလည်ကြီးသားသမီးများရဲ့ သြ၀ါဒကထာများကို မကြာမကြာ ဖတ်နေရပါတယ်။
ဒီမှာ … စစ်တပ်မှာ အာဏာမက်မောတဲ့ စိတ်မရှိဘူး၊ တိုင်ပြည် ကောင်းစားစေချင်တဲ့ဆန္ဒ အမှန်တကယ် ရှိတယ်ဆိုရင် ဒီနေ့အထိဆို ၉၀ ပြည့်နှစ် အနိုင်ရပါတီကို အာဏာလွှဲပေးလို့ ဒီမိုကရေစီနိုင်ငံ ထူထောင်နေတာပဲ ၁၈နှစ်ရှိရော့မယ်။ ကိုယ့်ကို “တိုင်မှတ်လို့တောင် နှပ်မသုပ်”တာ။ အဲဒါပဲ အမှတ်မရှိ တွေ့ဆုံရအောင်ပါ၊ ဆွေးနွေးကြရအောင်ပါဆိုတော့ ပုံရိုင်းရိုင်းပြောရရင် ဒီမိုကရေစီသားလေး ထွက်လာဖို့ ညှစ်ရတယ်ဗျ။ နာနာညှစ်ရတယ်။ အင်္ဂုလိမာလသုတ် ရွတ်နေရုံနဲ့ ထွက်လာမှာ မဟုတ်ဘူး။ လိုအပ်ရင် ဗိုက်ခွဲတန် ခွဲရလိမ့်မယ်။ ခုတော့ ကျုပ်တို့ နိုင်ငံရေးသုခမိန်များက အင်္ဂုလိမာလသုတ်ကိုပဲ တွင်တွင် ရွတ်နေတော့တာကိုး။
တိုင်းပြည်တပြည်မှာ အုပ်ချုပ်သူ အစိုးရနဲ့ အအုပ်ချုပ်ခံ ပြည်သူ သဟဇာတ မဖြစ်တော့ဘူးဆိုရင်၊ တနည်း ပြည်သူကလည်း အုပ်ချုပ်နေတဲ့ အစိုးရကို အယုံအကြည် မရှိတော့ဘူးဆိုရင် ပြည်သူလိုလားတဲ့ အစိုးရကို ပြောင်းပေးရတယ်။ ဖိနပ်နဲ့ ခြေထောက်မတော်ရင် ဖိနပ်ကို ပြောင်းပေးရတယ်။ ခြေထောက်ကို လှီးစရာ မလိုဘူး။ ခုတော့ ကျုပ်တို့မှာ အလှီးခံရလွန်းလို့ ခြေထောက်က ပုံပျက်ပန်းပျက် ဖြစ်နေပါပြီ။ ဒါကိုပဲ နိုင်ငံရေး သုခမိန်ယောင်ယောင် ဒီမိုကရေစီ သူရဲကောင်းယောင်ယောင် ပုဂ္ဂိုလ်တွေက အသုံးအနှုန်း တလွဲနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုပြီး ဆရာကြီး ၀င်လုပ်ကြသေးတယ်။ ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး မဟုတ်ဘူး။ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ၊ အာဏာရှင်နဲ့ ပြည်သူ၊ ဓမ္မနဲ့ အဓမ္မ ဒါရဲ့အားပြိုင်မှု၊ ဒါရဲ့ ပဋိပက္ခသာလျှင် ဖြစ်တယ်။
တချို့က ပြောသေးတယ်။ စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်းသာလျှင် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဘာညာပေါ့လေ။ ကြားလို့ကတော့ အင်မတန် နားဝင်ချိုစရာ ကောင်းပါတယ်။ ပြောတဲ့လူကိုလည်း အမှတ်တမဲ့ဆိုရင် သူတော်ကောင်းကြီး သမာသမတ် ရှိသူကြီးလို့ ထင်စရာပေါ့လေ။
လင်မယားရန်ဖြစ်တဲ့ ကိစ္စမျိုးဆိုရင်တော့ အေးအေးဆေးဆေး ဆွေးနွေးကြကွာ၊ ဒေါသ ရှေ့မထားကြပါနဲ့။ မင်းကလည်း နည်းနည်းလျှော့ နင်ကလည်း နည်းနည်းလျှော့ ပြောလို့ရတယ်။ အခုဟာက လင်မယား ရန်ဖြစ်တာ မဟုတ်ဘူး။ တတိုင်းပြည်လုံးကို စစ်တပ်က ကျွန်ပြုထားတာ။ တိုင်းပြည်ကို ကုန်းကောက်စရာ မရှိအောင် ကျွန်ပြုထားတာ။ ရိုင်းရိုင်းပြောရရင် အာဏာကို အဓမ္မ မုဒိမ်းကျင့်ယူထားတာ၊ တရားဝင်အစိုးရ မဟုတ်ဘူး။ Illegitimate Government သာလျှင် ဖြစ်တယ်။ ဒီလို လူသတ်သမား မုဒိမ်းသမား အစိုးရနဲ့ ဘာကို ဆွေးနွေးပြီး ဘာကို ညှိနှိုင်းရမှာလဲ။ အနိုင်ရပါတီဖြစ်တဲ့ NLD မှာလည်း ခေါင်းတွေ လက်တွေ ခြေတွေ ဖြတ်ထားလို့ သူ့မှာ လျော့စရာဆိုလို့ ပုဆိုးပဲရှိတော့တယ်။
ညှိနှိုင်းတယ်၊ ဆွေးနွေးတယ်ဆိုတာ အကျိုးစီးပွားချင်း တူရတယ်။ မျော်မှန်းချက်ချင်း တူရတယ်။ အယူအဆရေးရာ လုပ်နည်းလုပ်ဟန် သီသီလေးလွဲနေရင် ဆွေးနွေးလိုက် ညှိနှိုင်းလိုက်ရင် ပြေလည်သွားကြတယ်။ ခုလို အကျိုးစီးပွားချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ အာဏာရှင်နဲ့ ပြည်သူ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ၊ ဓမ္မနဲ့ အဓမ္မ ဘာကို သွားဆွေးနွေးမှာလဲ။
ဒါကလည်း ခုမှ စစ်တပ်က ရုတ်ချည်း သဘောထား ပြောင်းလဲသွားတာမျိုး မဟုတ်ဘူး။ သူတို့ရဲ့ အာဏာရှင်စနစ်ကို မျိုးစေ့ချပေးခဲ့တဲ့ ဗိုလ်နေ၀င်းကလည်း တက်လာလာချင်းပဲ ကျောင်းသားတွေ သတ်ပြခဲ့တယ်။ ပြီးတော့ ဓားဓားချင်း လှံလှံချင်းဆိုတဲ့ ကမ္ဘာကျော် မိန့်ခွန်းကြီးကိုလည်း ချွေခဲ့သေးတယ်။ ၈၈ခုနှစ် ပြည်သူတွေက နိုင်ငံရေးဇာတ်ခုံပေါ်က နေ၀င်းကို ခွေးကန်ချသလို ကန်ချတော့ စစ်တပ်က ဒီတခါ မိုးပေါ်ထောင်ပစ်မှာ မဟုတ်ဘူး။ တည့်တည့်ပစ်မှာဆိုပြီး ဂန္ထ၀င်မြောက် ပြောသွားပါသေးတယ်။
သူမှမဟုတ်ဘူး။ သူ့နောက် ဆက်ခံတဲ့ စောမောင်ကလည်း စက်တင်ဘာ အာဏာသိမ်းတဲ့ ညမှာပဲ ကောင်းဘွိုင်ဆန်ဆန် တမြို့လုံးကို ကျည်ဆန်မိုးတွေ ရွာသွန်းခဲ့သေးတယ်။ ၈၈ အရေးအခင်းဟာ ပြည်သူတွေ အသေအပျောက် အများဆုံးပွဲဆိုတာ ငြင်းလို့မရပါဘူး။
စောမောင်နောက် ဆက်ခံတဲ့ သန်းရွှေလို (ကိုသာဆိုးနဲ့ အဖွဲ့) ကလည်း လက်သံပြောင်တဲ့ နေရာမှာတော့ ရွှေတံဆိပ်ဆု ချိတ်ပါတယ်။ ခုဆို ကမ္ဘာ့နံပါတ်သုံး (အယုတ်မာဆုံး အာဏာရှင်) စာရင်းဝင်သွားပါပြီ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ရဟန်းသံဃာတွေကို ခြေထောက်နဲ့ ကန်ဝံ့၊ လှံစွပ်နဲ့ ထိုးဝံ့တဲ့ စစ်တပ်မျိုးကတော့ သြချလောက်ပါပေတယ်။
နေ၀င်းရဲ့ (မဆလ)၊ စောမောင်ရဲ့ (န၀တ)၊ သန်းရွှေရဲ့ (နအဖ) ပေးချင်တဲ့ နံမည်ပေး၊ ပြောင်းချင်တဲ့ နာမည်ပြောင်း၊ အနှစ်သာရကတော့ မင်းဆိုးမင်းညစ်ပဲ။
မဆလ = န၀တ = နအဖ = မင်းဆိုးမင်းညစ်
ဒီမင်းဆိုးမင်းညစ်ဟာ ပြည်သူတွေအပေါ်ပဲ ရက်စက်တာလားဆိုတော့ မဟုတ်ဘူး။ အာဏာနဲ့ ပတ်သက်လာရင် သူ့မှာ အစိမ်းအကျက် မရှိဘူး။ ဆရာသမား မိဘ မရှိဘူး။ ဘုရား တရား သံဃာ မရှိဘူး။ ဘာမဆို လာခဲ့။ အပြတ် ချေမှုန်းမယ်ဆိုတဲ့ သူတွေ။ ဒီကနေ့ မြန်မာလူမျိုးမှန်ရင် (စစ်တပ် အပါအ၀င်) ကျေးဇူးမကင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်း။ သူ့ဓာတ်ပုံကို အလေးပြုမိရင်ပဲ ထောင်ချခံရတဲ့ ဘ၀ရောက်နေပြီ။ နောက် အာဏာရှင်စနစ်ကို မျိုးစေ့ချခဲ့တဲ့ သူတို့ရဲ့ ကျေးဇူးရှင်ကြီး ဗိုလ်နေ၀င်း။ Sorry ပဲ။ သမီးနဲ့ မြေးတွေ ထောင်ချ။ ဗိုလ်နေ၀င်းကို ဘယ်လို ဂါရ၀ပြုခဲ့သလဲ။ ဗိုလ်နေ၀င်း အသုဘ ဘယ်လိုချခဲ့သလဲ။ နောက် ဗိုလ်စောမောင် “ကိုယ်တို့က ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား ပြန်မှာ”လို့ အာချောင်ခဲ့မိတဲ့ ပြစ်မှုကြောင့် ဗိုလ်ချုပ်မှူးကြီး ဘ၀ကနေ “အရူးကြီး”ဆိုတဲ့ ဆိုင်းဘုတ် အတပ်ခံရပြီး ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်ထဲ ပါသွားရော။ နောက် ၈၈ အရေးအခင်း နှိမ်နင်းရာမှာ အဓိကအခန်းက ပါခဲ့တဲ့ ဗိုလ်ခင်ညွန့်။ အတွင်းရေးမှူးက တမိုးတွင်းလုံး ဖျောက်ဆိပ် လုပ်ပြနေတော့ ဥက္ကဌကြီး ရွှေဘောတော်ခုပြီး နှိပ်ကွပ်ပစ်လိုက်တာ ခုတော့ …။
ဒီလို သမိုင်းအစဉ်အလာရှိတဲ့ စစ်ဗိုလ်ချုပ် ကလိန်ကကျစ်တွေကို ဘေးကျပ်နံကျပ်ဖြစ်အောင် မလုပ်နိုင်ဘဲနဲ့၊ အသက်ရှူရပ်အောင် မလုပ်နိုင်ဘဲနဲ့၊ အစိုးရယန္တရားကြီး ထိုးရပ်သွားအောင် မလုပ်နိုင်ဘဲနဲ့ ဆွေးနွေးရအောင်ပါ၊ ညှိနှိုင်းရအောင်ပါလို့ တစာစာ အော်နေတာကတော့ စိတ်ကူးအယဉ် လွန်နေတာရင်လည်း ဖြစ်မယ်။ အကြောက် လွန်နေတာရင်လည်း ဖြစ်မယ်။ သေချာတာ တခုကတော့ စစ်တပ် ဒူးထောက်လာအောင် လုပ်နိုင်တဲ့ တနေ့မှာတော့ ကနေ့ နိုင်ငံရေးသုခမိန်များ စိတ်ကူးယဉ်နေတဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အကောင်အထည် ပေါ်လာပါလိမ့်မယ်။
လွန်ခဲ့တဲ့ လအနည်းငယ်လောက်က နိုင်ငံတကာဖိအားတွေ ပြင်းထန်နေချိန်မှာ စစ်အစိုးရက ဒေါ်စုနဲ့ တွေ့ဆုံဖို့ဆိုပြီး အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး ခန့်လိုက်တယ်။ ကျွန်တော်တို့က အကောင်းဆုံး ပြက်လုံးတခုကို ကြားရလိုက်ရသလို တဟားဟား ရယ်နေချိန်မှာ အတော်များများက ကြိုဆိုပါတယ်။ တိုးတက်လာတဲ့ သဘောပေါ့။ အကောင်းဘက်က ရှုမြင်ပါတယ်။ ဘာညာ စုံလို့ပေါ့လေ။ တချို့ကများဆို မကြာခင်ပဲ ဒေါ်စုနဲ့ သန်းရွှေ စားပွဲဝိုင်းမှာ တွေ့ပြီး ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းတော့မယ် ထင်နေတာ။ ကျွန်တော်တို့ကတော့ နှစ်တုံး၊ သုံးတုံး စားဖူးလို့လား မသိဘူး။ သိတယ်ဗျာ။ ဒါကြီးက ဘာလဲဆိုတာ။ ကျွန်တော်တို့ အချင်းချင်း ပြောဖြစ်ကြပါတယ်။ လိုတာပေါ့၊ အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး ခန့်လိုက်တာ သိပ်ကောင်းတာပေါ့လို့ ပြောလို့ရပြီ။ တံမြက်စည်းလေး ဘာလေး ကျိုးနေရင် အောင်ကြည် လဲပေးမှာပေါ့ … လို့။
နှစ်တုံး သုံးတုံး မစားဖူးခင် ယုံမိတဲ့ အဖြစ်လေးတခုကို အခုအလျဉ်းသင့်တုန်း ရေးပြပါရစေ။ ကြာတော့လည်း ကြာပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလို မေလထဲမှာ ကျွန်တော့် မိတ်ဆွေတယောက် ကျွန်တော့်ဆီ အလည်လာပါတယ်။ သူက စာသမား၊ ရှေ့နေ၊ ကျောင်းဆရာ လူထွက်၊ ဥပဒေ ဆောင်းပါးတွေလည်း ရေးတယ်။ တွေ့တော့ ကျွန်တော်က လူရင်းပီပီ ဟေ့လူ … ခင်ဗျား ဘယ်ပါတီကို မဲထည့်မှာလဲဆိုတော့ သူက ရယ်ကျဲကျဲ လုပ်နေပါတယ်။ မနေနိုင်လို့ ထပ်မေးတော့လည်း ဒီလိုပဲ စပ်ဖြီးဖြီး လုပ်နေလေရဲ့။ မေးကောင်းတဲ့ ကိစ္စမဟုတ်ပေမယ့် လူရင်းတွေပဲဆိုတဲ့ အခွင့်အရေးယူပြီး မရမကမေးတော့ … သူက ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ဘာလဲ … ခင်ဗျားက တကယ် မဲသွားထည့်မှာလား … တဲ့။ ဟာ … ထည့်ရမှာပေါ့ဗျာ … ဒီရတောင့်ရခဲ အခွင့်အရေးကြီး ဒီလိုအစိုးရမျိုးကို ဒီလိုမဲစနစ်နဲ့ ဆုံးမရမှာဆိုတော့ … ကိုယ့်လူက ခွက်ထိုးခွက်လန် ရယ်ပါတယ်။ ပြီးတော့မှ သူ့ပုဆိုးလေးကို အသာမပြီး ဒီမှာ ကိုယ့်လူ … မဲရုံကို လမ်းလျှောက်သွားရင် ဟောဒီ ခြေသလုံး ကြွက်သားတွေ ညောင်းမယ်။ ဆိုက္ကားကလေးနဲ့ သွားရင် ဆိုက္ကားခ ကုန်မယ်။ စစ်တပ်က … အနိုင်ရမယ့်ပါတီ ဆိုပါတော့ဗျာ၊ ခု ခင်ဗျားတို့ အင်မတန် ရေပန်းစားနေတဲ့ NLD နိုင်ပါပြီတဲ့။ စစ်တပ်က အာဏာလွှဲပေးမယ် ထင်သလား။ ဝေးပါသေး။ ဘယ်တော့မှ မပေးဘူးမှတ်။
ဟာ … ဟေ့လူ … ခင်ဗျား ဘာတွေ လျှောက်ပြောနေတာတုန်း။ ဒီလောက် တိုင်းသိ ပြည်သိ ကမ္ဘာသိ ကြေညာပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပေးရမှာပေါ့ ဆိုတော့ … သူ့ရှေ့မှာ ချထားတဲ့ လွယ်အိတ်ကြီးကို လွယ်၊ သူ့ထီးကောက်ကြီး ဖွင့်ပြီး သြော် … ကိုယ့်လူလည်း စစ်တပ်ကို အခုအထိ အထင်ကြီးတုန်းကိုးလို့ … ပြောပြီး ငိုက်စိုက်ငိုက်စိုက်နဲ့ ထွက်သွားပါတော့တယ်။ အဲဒီတုန်းကတော့ မိတ်ဆွေကြီးကို တယူသန်ကြီး၊ ခေါင်းမာသူကြီး၊ အတွေးခေါင်သူကြီး၊ အကောင်း မမြင်တတ်သူကြီး၊ အစွန်းရောက်သူကြီးလို့ ထင်ခဲ့ပါတယ်။ ခုနေများ ပြန်တွေ့ရင် သူ ကျွန်တော့်ကို ဘာများ ပြောလိမ့်မလဲ။
လမ်းဘေးက အပေါစား မိန်းမပျက်တယောက်ရဲ့ နှုတ်ထွက်ကတိလောက်တောင် တန်းဖိုးမရှိတဲ့၊ အာဏာနဲ့ ပတ်သက်လာရင် ဘုရား တရား သံဃာ ဆရာသမား မိဘမရှိတဲ့၊ အာဏာတည်မြဲဖို့ဆိုရင် အောက်လမ်းနည်း အထက်လမ်းနည်း ထမိန်ခြုံနည်း သူခိုးဂျပိုးနည်း မိန်းမပျက်နည်း အကုန်အစုံ သုံးရဲတဲ့၊ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးပြီး ဒုက္ခပင်လယ်ဝေမှ တို့ကို မလှန်နိုင်မှာလို့ ယူဆထားတဲ့ ဒီလိုစစ်တပ်မျိုးကို ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ပဲ ဖြစ်ဖြစ်၊ အာဏာစွန့်လွှတ်ရေးပဲ ဖြစ်ဖြစ၊် အဖျင်းဆုံး ဒေါ်စုနဲ့ ဖမ်းဆီးခံ အကျဉ်းသားများ လွှတ်ပေးရေးပဲ ဖြစ်ဖြစ် ကြိုက်တဲ့ ခေါင်းစဉ်တခုကို ရွေးပြီး စစ်အစိုးရနဲ့ ဆွေးနွေးဖို့ မျှော်လင့်တယ်ဆိုရင်ဖြင့် မျှော်လင့်သူရဲ့ အမှားသာဖြစ်ကြောင်း …။
ဒါကြောင့် နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ မီဒီယာတွေကနေ နိုင်ငံရေးသုခမိန် လုပ်နေတဲ့ ပုဂ္ဂိုလ်များရော၊ ကမ္ဘာပတ်ပြီး အလှူခံနေတဲ့ ဒီမိုကရေစီ သူရဲကောင်းများရော၊ မစွန့်ဘဲ စားချင်တဲ့ ခေတ်အဆက်ဆက် ပြည်တွင်းပြည်ပက နိုင်ငံရေး ဖျပ်စားလျှပ်စားများရော … အားလုံးကို အငြိမ့်လူရွှင်တော်များ မင်းသမီးခေါ်ခါနီး ပြောလေ့ရှိသလို …
“ကိုင်း … ကိုင်း … အပြောစခန်းလေးရပ် … အလုပ်စခန်းလေးနဲ့ ပြကြပါစို့လား …” လို့ပဲ။
စံကွန့်